စွဲမက်ဖွယ်ရာ တိုင်းလိရိုးရာအစားအစာ မိုင်းယောင်းဝက်သားထုပ်

စိုင်းအောင်ဇော်လင်း (ပြန်/ဆက်)

 

ရှမ်းပြည်နယ် (အရှေ့ပိုင်း)က လူသိများသည့် ရှမ်းအစားအစာများထဲတွင် တိုင်းလိရိုးရာအစားအစာ မိုင်းယောင်း ဝက်သားထုပ်သည် ဒေသတွင်း လူကြိုက်များသော ရှမ်းရိုးရာအစားအစာတစ်မျိုးဖြစ်သည်။

 

ဝက်သားထုပ်ကို မိုင်းယောင်းဒေသတွင် “ဟော်နွတ်ကျင်မူး”ဟု ခေါ်ဆိုကြောင်း၊ ယခင်က ဝက်သားထုပ်ကို ဝါတွင်းအချိန်ကာလ၌သာ “တုပ်ဆင်” (လှူဒါန်းရန် အလှည့်ကျ) သည့် အိမ်များက မုန့်ဖက်ထုပ်နှင့်အတူ ပြုလုပ်စားသုံးကြရသည်။ ယခုအခါ နေ့စဉ်ပြုလုပ် ရောင်းချသူများရှိလာ၍ အချိန်မရွေး ဝယ်ယူစားသုံးနိုင်သည်။

 

“ပထမဦးဆုံး ချင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီကို အခွံသင်ထားရပါတယ်။ ဝက်သားကို သန့်စင်အောင် ရေဆေးပြီး ကြေမွအောင် မညက်တညက်ထောင်း/ စင်းပြီးလျှင် အခွံသင်ထားတဲ့ ချင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ကို ထောင်းပြီး တစ်ဆက်တည်းမှာ နနွင်း၊ ငရုတ်သီးစိမ်း၊ ဆား၊ အချိုမှုန့် စတဲ့ ဟင်းခတ် အမွှေးအကြိုင်များနဲ့ သမအောင် ရောမွှေပေးပြီး အငန်၊ အစပ်အရသာကို မိမိကြိုက်နှစ်သက်တဲ့ အနေအထားမှာ ထားပြီးလျှင် ငှက်ပျောဖက်နှင့် ထုပ်ပြီး ပေါင်းအိုးနဲ့ နာရီဝက်/တစ်နာရီကြာ ကျက်အောင် ထည့်ပေါင်းရပါတယ်” ဟု ဝက်သားထုပ် ပြုလုပ်ရောင်းချသူ အမျိုးသမီးတစ်ဦး၏ ပြောပြချက်အရ သိရသည်။

 

ဆီမလို၊ ကျန်းမာရေးနှင့်လည်း ကိုက်ညီပြီး ရိုးရှင်းသော စွဲမက်ဖွယ်ရာ တိုင်းလိရိုးရာအစားအစာ မိုင်းယောင်းဝက်သားထုပ်ကို ထမင်း၊ ကောက်ညှင်း ပေါင်းများနှင့် စား၍ရသလို ဂျုံ၊ ပြောင်း၊ ကောက်ညှင်းကျည်တောက်၊ မုန့်ဖက်ထုပ်များနှင့်လည်း စား၍ရကြောင်း သိရသည်။

 

ကြေးမုံ