နေပြည်တော်၊  ၁၇  ဒီဇင်ဘာ 


မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) ၏ စစ်ဆေး အကဲဖြတ်သူများအဖြစ် အတည်ပြုခန့်ထားနိုင်ရေး Online ဖြင့် ပို့ချသော Assessor Methodology Online Training (10th Batch)ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီ တွင် နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။


အစည်းအဝေးတွင် အလုပ်အကိုင်နှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက မိမိတို့ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်နေဆဲ ကာလ အတွင်း မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ် ပြဋ္ဌာန်းရေးအဖွဲ့၏ စစ်ဆေး အကဲဖြတ်ရေးလုပ်ငန်းစဉ်များ အရှိန်အဟုန်မပြတ်တိုးတက်စေရေး စစ်ဆေးအကဲဖြတ်သူများ အဖြစ် ဆောင်ရွက်ရန်၊ သတ္တုနှင့် အင်ဂျင်နီယာလုပ်ငန်းဆိုင်ရာ အလုပ် အကိုင်ကျွမ်းကျင်မှု “စံ” သတ်မှတ် ရေးကော်မတီ၊ စိုက်ပျိုးရေးလုပ်ငန်းဆိုင်ရာ အလုပ်အကိုင်ကျွမ်း ကျင်မှု “စံ” သတ်မှတ်ရေးကော်မတီ၊ စီးပွားရေးနှင့်ဝန်ဆောင်မှုလုပ်ငန်းဆိုင်ရာ အလုပ်အကိုင် ကျွမ်းကျင် မှု “စံ” သတ်မှတ်ရေး ကော်မတီ တို့မှ ရွေးချယ်အဆိုပြုထားသော ကျွမ်းကျင်သူ များအား Assessor Methodology Training ကို Online ဖြင့် ဖွင့်လှစ်ပို့ချခြင်းဖြစ်ကြောင်း။


New Normal နှင့်ကိုက်ညီသော Assessor Methodology Training များကို Online ဖြင့် ဖွင့်လှစ်ပို့ချပေးပြီး တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် စစ်ဆေးအကဲဖြတ်သူ Assessor များ လုံလုံ လောက်လောက်ရရှိနိုင်ရေး အားထုတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၀ ပြည့်နှစ် မေလမှ စတင်၍ အလုပ်အကိုင် (၂၃) မျိုးအတွက် ပို့ချပေးခဲ့ပြီးဖြစ်ကြောင်း၊ သက်ဆိုင်ရာ အလုပ်အကိုင်နယ်ပယ်မှ ကျွမ်းကျင်သူများကို NSSA ၏ စစ်ဆေးအကဲ ဖြတ်ရေး အရည်အသွေးများ၊ ကျင့်ဝတ်များ၊ စည်းမျဉ်းစည်းကမ်းများနှင့် လုပ်ငန်းတာဝန်များကို သိရှိ နားလည် စေရန်ယခုကဲ့သို့ Assessor Methodology Training များကို စဉ်ဆက်မပြတ် ဖွင့်လှစ်ပို့ချပေး ခြင်းဖြစ်ကြောင်း။


NSSA ၏ စစ်ဆေးအကဲဖြတ်ရေး လုပ်ငန်းစဉ်ဆောင်ရွက်မှုသက်တမ်း (၇) နှစ်ရှိလာ ပြီဖြစ် သဖြင့် သက်ဆိုင်ရာလုပ်ငန်းကဏ္ဍအလိုက် ကျွမ်းကျင်မှု “စံ” သတ်မှတ်ရေး ကော်မတီများ၊ ကျွမ်းကျင်သူ အဖွဲ့အစည်းများ၊ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးနှင့် အသိအမှတ်ပြု ရေးကော်မတီ နှင့်မိတ်ဖက်အဖွဲ့အစည်းများ၏ ပူးပေါင်းကူညီမှုနှင့်အတိုင်း အတာတစ်ခုအထိ အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့၍ ပူးပေါင်းဆောင်ရွက်ကြသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များအားလုံးကို အသိအမှတ်ပြုကြောင်း အလေးထားပြောကြားခဲ့ကြောင်း၊ NSSA သည်အရည်အသွေး စီမံခန့်ခွဲမှုစနစ်အတွက် ISO 9001:2015 လက်မှတ်ရရှိထားသဖြင့် ဆောင်ရွက်မှုလုပ်ငန်းစဉ်တိုင်းတွင်ISO သတ်မှတ် Form များ အသုံးပြု ဆောင်ရွက်နေ ကြောင်း၊ ပါဝင်ဆောင်ရွက်နေသူများအနေဖြင့် အရည်အသွေးပြည့်မီမှုရှိခြင်း၊ လုပ်ငန်းအကြောင်း နားလည် နှံ့စပ်သိရှိမှု၊ ဆောင်ရွက်ခဲ့သည့် လုပ်ငန်းဆိုင်ရာအထောက်အထားများ စနစ်တကျထားရှိခြင်း စသည့် ISO သတ်မှတ်ချက်များနှင့်အညီ လုပ်ကိုင်နိုင်ရန်အရေးကြီး ကြောင်း၊ NSSA သည် မြန်မာနိုင်ငံအတွင်းရှိ လုပ်သားထုကြီးအတွက် ကျွမ်းကျင်မှုဖွံ့ဖြိုး တိုးတက်ပြီး သင့်လျော်ကောင်းမွန်သော အလုပ်အကိုင်ရရှိစေရေးကို ဦးတည်ဆောင်ရွက် နေခြင်းဖြစ်ကြောင်း၊ ထို့အပြင် NSSA သည် ရွှေ့ပြောင်းလုပ်ကိုင်သူ ကျွမ်းကျင်လုပ်သားများ အကျိုးအတွက် အာဆီယံ နိုင်ငံများအတွင်း ကျွမ်းကျင်မှုအပြန်အလှန် အသိအမှတ်ပြုနိုင်ရေး ပါဝင်ဆောင်ရွက်လျက်ရှိရာ ထိုင်းနိုင်ငံ၊ အလုပ်သမားဝန်ကြီးဌာနနှင့်လည်း ပူးပေါင်းဆောင် ရွက်လျက်ရှိကြောင်း။


လက်ရှိမြန်မာနိုင်ငံတွင် လုပ်ငန်းခွင်အတွင်း လုပ်သားအင်အား ၂၂ သန်းကျော်ရှိရာ NSSA အနေဖြင့် အလုပ်အကိုင် ၃၀ မျိုးအတွက် ကျွမ်းကျင်လုပ်သား ၁၆,၅၁၉ ဦးကိုသာ အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်များ ပေးအပ်ခဲ့ပြီး ဖြစ်သော်လည်း လုပ်ငန်း ခွင်အတွင်းရှိ လုပ်သားဦးရေနှင့် နှိုင်းယှဉ်လျှင် အလွန်နည်း ပါးနေသေးကြောင်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း လုပ်သား ၃၀၀၀ ကို ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေး ဆောင်ရွက်ရန် လျာထားသတ်မှတ်ထားသော်လည်း ကိုဗစ်ကပ် ရောဂါကြောင့် ကန့်သတ်မှုများ ရှိနေခြင်းကြောင့် အပြည့်အဝအကောင်အထည်ဖော်နိုင်ရန် New Normal နှင့်ကိုက်ညီသည့် စစ်ဆေး အကဲဖြတ်ရေးနည်းလမ်းများကို စမ်းသပ်ဖော် ထုတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။ ထို့ပြင် ယနေ့ခေတ်အခြေအနေအရ ကမ္ဘာ့အလုပ် အကိုင်များ ပြောင်းလဲလာပြီး နည်းပညာ ပြောင်းလဲမှုများကြောင့် အလုပ်အကိုင်မှာ လုပ်ကိုင် ရမှုပုံစံများ အသွင်ပြောင်းလာပြီး နယ်ပယ်အရပ် ရပ်မှာလည်း ကျွမ်းကျင်မှုလိုအပ်ချက်များ ပိုမိုမြင့်မားလာသည်ကိုတွေ့ရသဖြင့် လုပ်သားများ Skills, Reskills, Upskills များ စဉ်ဆက် မပြတ်ဆောင်ရွက်ရမှာဖြစ်သလို Lifelong Learning စနစ် ဖြစ်အောင်ဆောင်ရွက်ရန် ရည်မှန်းချက်ထားပြီး လုပ်ဆောင်သွားကြရန်ဖြစ်ကြောင်း၊ ဒါ့အပြင်လုပ်သား များကို  Green Skills အနေနဲ့Green Job တွင် အလုပ်လုပ်ကိုင်နိုင်ရေး၊ ၂၁ ရာစုကျွမ်းကျင်မှုများ ရရှိစေရေး လိုအပ်သောကျွမ်းကျင်မှုများ သင်ကြားပို့ချပေးရေးတို့ကိုလည်း အချိန်အခါနှင့်အညီ ဆောင် ရွက်ဖန်တီးပေးရန်လိုအပ်ကြောင်း။


ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ပုံစံသစ်ပြောင်းလဲဆောင်ရွက်နေသော လက်ရှိကာလမှာ ကိုဗစ်-၁၉ အလွန်ကာလများအပါအဝင် ကျွမ်းကျင်လုပ်သားများ အလုပ်အကိုင်အခွင့် အလမ်းများ ရရှိနိုင်ရန် NSSA မှ အသိအမှတ်ပြုပေးသည့် အလုပ်အကိုင်အလိုက် အမျိုးသားအဆင့် ကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ်များကို လုပ်သားများအား ပိုမိုပေးအပ်နိုင်ရေးအရှိန် အဟုန်မြှင့် ဆောင်ရွက် သွားမည်ဖြစ်သည့်အတွက် ပူးပေါင်းဆောင်ရွက်မှုအားလုံးကို ကျေးဇူးတင်ရှိကြောင်းနှင့် မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှုဖွံ့ဖြိုးရေးလုပ်ငန်း စဉ်များတွင် စဉ်ဆက်မပြတ်ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။ 


သင်တန်းဖွင့်ပွဲအခမ်းအနားသို့ NSSA မှ တာဝန်ရှိသူများ၊ အလုပ်အကိုင်အလိုက် ကျွမ်းကျင် မှု “စံ” သတ်မှတ်ရေးကော်မတီ (၁၃) ခုမှ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် တာဝန်ရှိသူများ၊ ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေးနှင့် အသိအမှတ်ပြုရေးကော်မတီမှ အတွင်းရေးမှူး၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်မှ ဒုတိယဥက္ကဋ္ဌများနှင့် GIZ မှ တာဝန်ရှိသူများအပါအဝင် ဖိတ်ကြားထားသူများနှင့် သင်တန်းသားများ တက်ရောက်ခဲ့ ကြောင်းသိရသည်။ 


သတင်းစဉ်