နေပြည်တော် ဖေဖော်ဝါရီ ၂၁

စစ်ဆေးရေးအရာရှိများ လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ သင်တန်းအမှတ်စဉ် (၁/ ၂၀၂၄) ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရုံးအမှတ်(၅၂)၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ ဒုတိယဝန်ကြီး ဦးမင်းမင်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ နည်းပြများ၊ သင်တန်းသားများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက အမိမိတို့ဝန်ကြီးဌာနသည် စားသုံးသူကာကွယ်ရေးဥပဒေ နှင့်အညီ စားသုံးသူကာကွယ်ရေးလုပ်ငန်းများကိုဆောင်ရွက်နေသည့် ဌာနတစ်ခုဖြစ်ပြီး စားသုံးသူများအသုံးပြုမည့် ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်တွင်း၌ ထုတ်လုပ်သည့်ကုန်စည်ဖြစ်စေ၊ ပြည်ပမှ တင်သွင်းသည့်ကုန်စည်ဖြစ်စေ ဈေးကွက်ထဲသို့ ရောက်ရှိလာပါက စစ်ဆေးရမည်ဖြစ်ကြောင်း၊ စစ်ဆေးရေးအရာရှိများ လုပ်ငန်းကျွမ်းကျင်မှုရှိစေရေးအတွက် စစ်ဆေးရေးအရာရှိများ လုပ်ငန်းကျွမ်း ကျင်မှုဆိုင်ရာသင်တန်းများနှင့် အလုပ်ရုံဆွေးနွေးပွဲများကို ၂၀၁၉ ခုနှစ်မှစတင်၍ နှစ်စဉ်ဆောင်ရွက်ခဲ့ကြောင်း၊ စစ်ဆေးရေးအရာရှိများအနေဖြင့် မိမိတို့ဌာနရှိ ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများနှင့် ဆက်စပ်ဌာနများ၏ ဥပဒေ၊ နည်းဥပဒေများကိုသိရှိပြီး စနစ်တကျ စစ်ဆေးတတ်စေရန် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ ASEAN နိုင်ငံများတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို သိရှိအောင် လေ့လာကြိုးပမ်းသွားကြရန် ပြောကြားသည်။

အဆိုပါသင်တန်းသို့ ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ သင်တန်းသား (၁၈၅) ဦး တက်ရောက်ကြောင်း သိရသည်။

သတင်းစဉ်