နေပြည်တော် နိုဝင်ဘာ ၂၁

စစ်ဆေးရေးမှူးများ လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ အမှတ်စဉ်(၃/၂၀၂၂) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ရုံးအမှတ် (၅၂)၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ညီလာခံခန်းမ၌  ကျင်းပခဲ့သည်။

ဖွင့်ပွဲတွင် ဒုတိယဝန်ကြီး ဦးညွန့်အောင်က ယနေ့ကျင်းပသော အလုပ်ရုံဆွေးနွေးပွဲသည် ဝန်ထမ်း များလုပ်ငန်းခွင်တွင် တာဝန်ထမ်းဆောင်ရာ၌ စွမ်းဆောင်ရည်များ မြှင့်တင်ပေးရန်နှင့် စားသုံးသူ အခွင့်အရေးများ အကာအကွယ်အပြည့်အဝပေးနိုင်ရေး လုပ်ငန်းစဉ်များတွင် အင်အားဖြည့်တင်းရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊

စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စစ်ဆေးရေးအရာရှိများအနေဖြင့် ဘေးကင်း လုံခြုံမှုမရှိသော ကုန်ပစ္စည်းများအနက် သိမ်းဆည်းသင့်သည့် ကုန်စည်များနှင့် တားမြစ်သင့်သည့် ကုန်စည်များကို ခွဲခြားနိုင်ရေး၊ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းနှင့် စားသုံးသူအငြင်းပွားမှု           ဖြေရှင်းသည့်အချိန်တွင် အထောက်အကူရရှိစေရေးတို့အတွက် ဆက်စပ်ဝန်ကြီးဌာနများမှ ကျွမ်းကျင် နည်းပြများ၏ ဆွေးနွေးမှုများအပေါ် အလေးထားမှတ်သားကြရန် မှာကြားလိုကြောင်းပြောကြားသည်။

အခမ်းအနားသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ စစ်ဆေးရေးအရာရှိ (၅၃)ဦး တက်ရောက်ကြပြီး အလုပ်ရုံဆွေးပွဲကို နိုဝင်ဘာ (၂၁)ရက်မှ (၂၅)ရက်ထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်