နေပြည်တော် ၁၁ မေ 


သစ်တောဉီးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ် ဖမ်းဆီးခြင်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ်အပါအဝင် အထူးအဖွဲ့ဖြင့် ကွင်းဆင်းရှာဖွေဖော်ထုတ်ခြင်းကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 


ထိုသို့ဆောင်ရွက်ရာတွင် သစ်တောဦးစီးဌာနမှဝန်ထမ်းများ၊ ခရိုင်စစ်ကြောင်းအဖွဲ့၊ သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၇ ရက်မှ ၉ ရက်အတွင်း စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ပုလဲမြို့နယ် တောင်ပိတောက်ကုန်း ကျေးရွာအတွင်းမှ ကျွန်း၊ ပျဉ်းကတိုး၊ အင်၊ သန်း၊ နှော၊ တယ်၊  ကြို့၊ ထောက်ကြံ့သစ်ခွဲသား ၁၂၀ ချောင်း (၁၉ ဒသမ ၃၂၃၆)တန်နှင့် သစ်စက်ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိခဲ့သည်။

 

1


ထို့ပြင် တမူးခရိုင် တမူးမြို့နယ် ပွတ်သာရွာအရှေ့တောင်ဘက် (၂)မိုင်ခန့်အကွာနေရာမှ ကျွန်းနှင့် ကညင်ခွဲသား ၃၀ ချောင်း (၅ ဒသမ ၂၇၇၂)တန်အားလည်းကောင်း၊  ရွှေဘိုခရိုင် ကျွန်းလှမြို့နယ် ကန်ပေါက်ကျေးရွာအရှေ့ဘက်(၃) ဖာလုံခန့်အကွာနေရာမှ အင်ခွဲသား ၃၁၆ ချောင်း (၃ ဒသမ ၄၁၅၂)တန်နှင့်အတူ သုံးဘီးဆိုင်ကယ်(၅)စီးအား လည်းကောင်း၊  ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့နယ် ချောင်းမငယ်ချောင်းဘေးမှ ကျွန်းခွဲသား ၁၀၄၄ ချောင်း(၆ ဒသမ ၈၃၇၂)တန်အား လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ် မြို့မ(၁)နယ်မြေအတွင်းရှိ NISSAN မော်တော်ယာဉ်ပေါ်မှ ကျွန်းခွဲသားနှင့် တံခါးရွက် စုစုပေါင်း ၁၈၇ ချပ် (၆ ဒသမ ၅၉၉၃)တန်အား လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ကားခေါင်းတွဲမပါ နောက်တွဲယာဉ်ပေါ်မှ ပိတောက်ခွဲသား (၁၅)တန်ခန့်တို့အား လည်းကောင်း ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပြီး ပြစ်မှုကျူးလွန်သူများနှင့် ဆက်စပ်သောသူများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သစ်တောဉီးစီးဌာနမှ သိရသည်။


မောင်လူမော်

 

1