နေပြည်တော် ၂၉ ဇူလိုင်
သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့်သစ်တောထွက်ပစ္စည်းများရှာဖွေ ဖော်ထုတ် ဖမ်းဆီးခြင်းကို နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်လျက်ရှိရာ သစ်တောဝန်ထမ်းများ၊ သစ်တော လုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင် ၂၅ ရက်မှ ၂၇ ရက်အထိ စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့နယ် ကံတော်ရွာ တောင်ဘက် (၃)မိုင်ခန့်အကွာမှ ၁၈ ဒသမ ၃၃၅၂ တန်၊ ကသာခရိုင် ကသာမြို့နယ် အထက်ဝဲကြီးရွာဟောင်းအနီးမှ ၁၁၃ ဒသမ ၃၀၂၀ တန်နှင့် ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပန်းတောင်းမြို့နယ် ပုသိမ်-မုံရွာကားလမ်းဘေး ရောင်ကြီးကျေးရွာ အရှေ့ဘက်(၄)ဖာလုံခန့်အကွာနေရာမှ ကျွန်းခွဲသား ၁ ဒသမ ၆၅၉၆ တန်တို့တို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် ထန်းတပင်မြို့နယ် ထန်းတပင်သီတာအေး တာဆုံစုပေါင်းစစ်ဆေးရေးဂိတ်၌ Nissan Diesel (၆) ဘီးမော်တော်ယာဉ်နှင့်အတူ တောင်သရက် ခွဲသား ၃ ဒသမ ၅၅၆၄ တန်နှင့် ပြစ်မှုကျူးလွန်သူနှစ်ဉီးကို ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့အား သစ်တောဥပဒေနှင့်အညီအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သစ်တောဉီးစီးဌာနမှ သိရသည်။
မောင်လူမော်


