စစ်ကိုင်း ၁၀ ဇွန်
စစ်ကိုင်းမြို့တွင် မှုခင်းဖြစ်ပွားမှုများ လျော့နည်းပပျောက်ရေးနှင့် ခိုး၊ ဆိုး၊ လုယက်ဖြစ်စဉ်များ မဖြစ်ပွားစေရေးအတွက် ပိတ်ဆို့ရှာဖွေစစ်ဆေးခြင်းများ ပြုလုပ်ခြင်း၊ လှည့်ကင်းများ ဆောင်ရွက်ခြင်း လုပ်ငန်းများကို ဇွန်(၉)ရက် ညပိုင်းက ခရိုင်/ မြို့နယ်ရဲတပ်ဖွဲ့ဝင်များသည် လုံခြုံရေးမြှင့်တင် ဆောင်ရွက်ခဲ့ရာ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ခင်မောင်စိန်၏ အနီးကပ်ကြီးကြပ်မှုဖြင့် နေ့စဉ်/ ညစဉ် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
" ကျွန်တော်တို့ ရဲတပ်ဖွဲ့ဝင်များအနေနဲ့ ပြည်သူ့တွေအတွက် မလိုလားအပ်တဲ့ မှုခင်းဖြစ်စဉ်များ မဖြစ်ပေါ်ရအောင် နေ့စဉ်၊ ညစဉ်၊ အဖွဲ့တွေခွဲပြီး ပတ်ကင်းတွေ၊ ရပ်ကင်းတွေ၊ လှည့်ကင်းတွေနဲ့ဆောင် ရွက်ပေးနေပါတယ်။ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် တုံ့ပြန်ရေးကာလမှာ လုပ်ငန်း တော်တော်များက ရပ်ဆိုင်ထားကြတော့ စားဝတ်နေရေးအတွက် မလိုလားအပ်တဲ့ မှုခင်းတွေမဖြစ်ရအောင် လုံခြုံရေး မြှင့်တင်ဆောင်ရွက်ပေးနေတာပါ " ဟု မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးမိုးနိုင်က ပြောပြ၍သိရသည်။
နေ့စဉ် လုံခြုံရေးမြှင့်တင်ဆောင်ရွက်ရာတွင် စစ်ကိုင်းခရိုင်/ မြို့နယ် ရဲတပ်ဖွဲ့ဝင်များနှင့်အတူ ရဲတပ်ရင်း(၁၆)မှ ရဲတပ်ဖွဲ့ဝင်များကလည်း အလှည့်ကျ ပူးပေါင်းတာဝန်ထမ်းဆောင်ပေးလျက်ရှိပြီး မြန်မာ့စီးပွားရေးဘဏ်၊ ပုဂ္ဂလိကဘဏ်များနှင့် အထင်ကရနေရာများတွင် လုံခြုံရေးနေ့စဉ် ဆောင်ရွက်ပေးထားကြောင်းလည်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
ဇော်မြင့်နိုင်(ခရိုင်ပြန်/ဆက်)


