စစ်ကိုင်း ၄ သြဂုတ်
စစ်ကိုင်းမြို့ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာပညာရေးစင်တာ (IBEC) ကျောင်းတွင် ပဲအလှူတော် မတည်အလှူရှင် ဦးဝင်းမြင့် (ပြည်ထောင်စုဝန်ကြီး-ငြိမ်း) + ဒေါ်မြင့်မြင့်သန်း မိသားစု၊ ရှိူင်းဟုတ်ကုမ္ပဏီ ဒေါက်တာ ဒေါ်ခင်ခင်ရီတို့နှင့်အတူ (၇)ရက်သား/သမီးများ ကောင်းမှုအများစုပေါင်း၍ IBEC ပဓာန နာယကဆရာတော် ဦးဆောင်ကာ ဆဋ္ဌအကြိမ်မြောက် ပဲအလှူတော်လှူဒါန်းပွဲ အခမ်းအနားကို သြဂုတ်(၄)ရက်၊ နံနက်(၇)နာရီက အဆိုပါကျောင်းဝင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ပဲလှူဒါန်းပွဲတွင် စစ်ကိုင်းတောင်ရိုး၊ မင်းဝံတောင်ရိုးရှိ သုဓမ္မာ သာသနာပိုင် သံဃာတော်များ ကြွရောက်တော်မူကြပြီး စေတနာရှင်၊ အလှူရှင်များက ပဲများလှူဒါန်းတော်မူကြသည်။ ထို့နောက် ရေစက်ချမင်္ဂလာ အခမ်းအနားကို ဆက်လက် ကျင်းပရာ စစ်ကိုင်းတောင်ရိုး ဇေယျသိန်ပါဠိတက္ကသိုလ် ကျောင်းတိုက်ကြီး၏ ဦးစီးပဓာန နာယက ဆရာတော်ဘုရားကြီး အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြ၍ အလှူရှင်များက ငါးပါးသီလခံယူဆောက်တည်ကြကာ မေတ္တာသုတ်တရာတော်များ နာယူကြည်ညိုကြပြီး သံဃာတော်အရှင်သူမြတ်တို့ထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်၍ IBEC ပဓာန နာယကဆရာတော် ဒေါက်တာအရှင်သောဘိတမှ ဆဋ္ဌမအကြိမ်မြောက် ပဲအလှူတော်နှင့်ပတ်သက်၍ ရှင်းလင်းလျှောက်ထားကာ အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြပြီး ဇေယျသိန်ဆရာတော်ဘုရားကြီးထံမှ အနုမောဒနာတရားများ နာယူကြည်ညိုကြပြီး လှူဖွယ်ဝတ္ထုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြကြောင်း သိရသည်။
အဆိုပါပဲလှူဒါန်းပွဲကို (၄)ရက်တိုင်တိုင် လှူဒါန်းသွားမှာဖြစ်ပြီး စစ်ကိုင်းတောင်၊ မင်းဝံတောင်ရိုးရှိ သုဓမ္မာ သာသနာပိုင်ကျောင်းပေါင်း (၆၅၈)ကျောင်း၊ သံဃာအပါး (၆၈၁၇)ပါး၊ ပဲပြည်ပေါင်း (၁၃၆၃၄)ပြည်၊ ရွှေကျင် သာသနာပိုင် ကျောင်းပေါင်း (၂၁၀)ကျောင်း၊ သံဃာအပါး (၃၉၆၁)ပါး၊ ပဲပြည်ပေါင်း (၇၉၂၂)ပြည်၊ သီလရှင် ကျောင်းပေါင်း (၄၃၀)ကျောင်း၊ အပါး (၇၉၆၅)ပါး၊ ပဲပြည်ပေါင်း (၁၅၉၃၀)ပြည်နှင့် မင်းကွန်းဒေသရှိ ကျောင်းပေါင်း (၁၄၇)ကျောင်း၊ သံဃာအပါး (၁၄၅၅)ပါး၊ ပဲပြည်ပေါင်း (၂၉၁၀)ပြည်၊ စုစုပေါင်း(၁၄၄၅)ကျောင်း၊ သံဃာ/ သီလရှင်အပါး (၂၀၁၉၈)ပါး၊ ပဲပြည်ပေါင်း (၄၀၃၉၆)ပြည် လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
စစ်ကိုင်းခရိုင်(ပြန်/ဆက်)


