စစ်ကိုင်း ၂၅ မတ်
စစ်ကိုင်းမြို့၊ဒါးဝယ်ဈေးတိုက်နယ်ရှိ ဘော်ဂါ ကျောက်စိမ်းပုတီးဝိုင်းကို ရက်အကန့်အသတ်မရှိ ယာယီ ပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်း ဘော်ဂါ ကျောက်ပုတီးဝိုင်း အကျိုးတော်ဆောင်အဖွဲ့ထံမှ သိရသည်။
လက်ရှိတွင် မြန်မာနိုင်ငံ၌ Covid -19 ကူးစက်ရောဂါပိုးကူးစက်ခံရသူ လူနာ တွေ့ရှိလာသည့်အတွက် စစ်ကိုင်းမြို့ ဒါးဝယ်ဈေးတိုက်နယ်ရှိ ဘော်ဂါကျောက်စိမ်းပုတီးဝိုင်းကို မတ်လ ၂၅ ရက်နေ့မှ စတင်၍ ရက်အကန့်အသတ်မရှိ ယာယီပိတ်သိမ်းမည်ဖြစ်ကြောင်း ဘော်ဂါကျောက်ပုတီးဝိုင်း အကျိုးတော် ဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးအာင်စိုးမိုး က ပြောသည်။
''မနေ့ကအုပ်ချုပ်ရေးအပိုင်းက ညွန့်ကြားလာတဲ့ အတွက် ကျောက်ဝိုင်းကို ဒီနေ့က စပြီး မနက်ဖန်က စပြီး ဝိုင်းထဲမှာ ရောင်းတာ။ဝယ်တာတွေ မလုပ်တော့ဘဲ ရက်အကန့်အသတ် မရှိ ယာယီပိတ်ထားပါဦး မယ်။ အစိုးရက လူစုလူဝေး ခွင့်ပြုမှပဲ ကျွန်တော်တို့လည်း ပြန်ခွင့်ပြုမယ်''ဟု ၎င်းကပြောသည်။
စစ်ကိုင်းမြို့၊ဘော်ဂါကျောက်စိမ်းပုတီးဝိုင်ကို ၂၀ဝ၂ ခုနှစ်-၂၀၁၃ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ပြီး နံနက် (၆ ) နာရီအချိန်မှ (၉ ) နာရီအချိန်အထိ နေ့စဉ်အရောင်းအဝယ် ပြုလုပ်လျက်ရှိကြောင်း၊လက်ရှိတွင် တရုတ်ကုန်သည်များ အပါအဝင် နေ့စဉ် လူဦးရေ ၂၀ဝ ခန့်သာ ဝင်ထွက် အရောင်းအဝယ်ပြုလုပ် နေကြကြောင်း ဘော်ဂါ ကျောက်ပုတီးဝိုင်း အကျိုးတော်ဆောင် အဖွဲ့ထံကသိရသည်။
''ကျောက်အရောင်းအဝယ်လုပ်တဲ့သူတွေက ဟိုအရင်တုန်းကလောက် မများတော့ဘူး၊အခုဟာက ကုန်သည်တွေအပါအဝင် လူဦးရေ ၂၀ဝ လောက်တော့ နေ့စဉ် အရောင်းအဝယ်လုပ်နေကြ တယ်။ကျောက်က အရောင်းအဝယ်မဖြစ်ဘူးရယ်။အရောင်းအဝယ်ဖြစ်မလားဆိုပြီး လာနေကြတာ။အခု ပိတ်လိုက်တော့ သူတို့ဘာသာ အိမ်တွေမှာပဲ ချိတ်ဆက် အရောင်းအဝယ်ပြုလုပ်တော့မယ် ''ဟု ဘော်ဂါ ကျောက်ပုတီးဝိုင်း အကျိုးတော်ဆောင် အဖွဲ့ ဥက္ကဋ္ဌ ဦးအာင်စိုးမိုး က ပြောသည်။
အလားတူ မန္တလေးမြို့၊မဟာအောင်မြေ ကျောက်မျက်ရတနာ ရောင်းဝယ်ရေးစခန်းကိုလည်း မတ်လ ၂၄ ရက်နေ့ နံနက်ပိုင်းအချိန်က စတင်ကာ ရက်အကန့်အသတ်မရှိ ယာယီပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်း အဆိုပါ ကျောက်ဝိုင်း အကျိုးတော်ဆောင်အဖွဲ့ထံက သိရသည်။
ခိုင်ဇေယျ


