မုံရွာ ဇူလိုင် ၁၄
စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းတောင်ရိုး ဆွမ်းဦးပုညရှင်စေတီတော်ကြီး၌ ပုညရှင်သာသနာ့ဗိမာန် တည်ဆောက် နိုင်ရေးအတွက် ပဉ္စမအကြိမ် အလှူတော်ငွေပေးအပ်ပွဲ အခမ်းအနားကို ဇူလိုင် ၁၃ ရက် နံနက်ပိုင်းတွင် အဆိုပါ စေတီတော်ကြီး အရှေ့ဘက် အာရုံခံတန်ဆောင်း လက်ပွားဘုရားဓမ္မာရုံအတွင်းကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အလှူရှင်များနှင့် တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ တက်ရောက်ကြသည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ် ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီး စစ်ကိုင်းတောင်ရိုး နိုင်ငံတော် သြဝါဒါစရိယ အဂ္ဂမဟာပဏ္ဍိတ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိဆရာတော် ဒေါက်တာဘဒ္ဒန္တအရှင် ဉာဏိဿရ ဆရာတော်ကြီးထံ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ကိုးပါးသီလခံယူဆောက်တည် ကြသည်။
ယင်းနောက် ဆရာတော်ကြီးများထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများက လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး စစ်ကိုင်း မြို့ စည်ပင်သာယာ ရေးအဖွဲ့မှ အင်ဂျင်နီယာမှူး ဒေါ်ညိုညိုဆွေက ပုညရှင်သာသနာ့ဗိမာန် တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ပါဝါပွိုင့် ဖြင့် ရှင်းလင်းလျှောက်ထားသည်။
ထို့နောက် သီတဂူဆရာတော်ကြီးနှင့် ပင့်သံဃာ ဆရာတော်ကြီးများ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့်တာဝန်ရှိသူများက စစ်ကိုင်းမြို့ ဆွမ်းဦးပုညရှင် စေတီတော်မြတ်ကြီး အနောက်ဘက်ရင်ပြင်တော်ပေါ်တွင် အလျား ၁၄၉ ပေ၊ အနံ ၆၃ ပေ၊ အမြင့် ၅၄ ပေ တိုးချဲ့တည်ဆောက်ပြီး ၎င်းအပေါ်၌ အလျား ၁၂၆ ပေ၊ အနံ ၅၄ ပေ၊ အမြင့် ၁၈ ပေရှိ ပုညရှင် သာသနာ့ဗိမာန်တော်ကြီး တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးသည်။
တိုင်ဒေသကြီး(ပြန်/ဆက်)