စစ်ကိုင်း ၁၂ ဖေဖော်ဝါရီ 

 


စစ်ကိုင်းမြို့၊ ဧမြဝတီရပ်ကွက်အတွင်းရှိ  ဇိနမာရ်အောင် လောကချမ်းသာ (ကြေးဘုရားကြီး)၏ ဗုဒ္ဓပူဇနိယပွဲတော်၌ ရိုးရာအစဉ်အလာမပြတ် ထည့်သွင်းကျင်းပလာသည့် ဘဲဥထုပွဲတော်ကို ဖေဖော်ဝါရီ ၁၈ ရက်တွင် စတင်ကျင်းပသွားမည်ဖြစ်ကြောင်း မင်းကျောင်းဘုန်းကြီး ကျောင်းတိုက်က သိရသည်။

 

"ရှေးမြန်မာဘုရင် မင်းတွေလက်ထက်က အစေခံခံတပ် ကင်းသမားတွေ၊ လှေတော်သားတွေ ညဘက် အပျော်ဆော့ကြရင်း ဖြစ်လာတဲ့ပွဲပါ။ တစ်နိုင်ငံလုံးမှာမှ စစ်ကိုင်းမြို့ ဇိနမာရ်အောင် လောကချမ်းသာကြေး ဘုရားကြီးရဲ့ ဘုရားပွဲတော်မှာပဲ ဘဲဥထုပွဲဆိုတာ ရှိတာပါ။ ဘဲဥထုတဲ့အခါ ပိန်သွားတဲ့ ဘဲဥဘက်က အရှုံး၊ ရှုံးတဲ့သူက ဘဲဥဖိုး ပိုက်ဆံရှင်းရပါတယ်။ နိုင်တဲ့သူက အဲ့ဒီ ဘဲဥကို ယူရပါတယ်"ဟု ဒေသခံတစ်ဦးက ပြောသည်။

 

အဆိုပါ  ဇိနမာရ်အောင် လောကချမ်းသာ (ကြေးဘုရားကြီး) ဗုဒ္ဓပူဇနိယပွဲတော်ကို မင်းကျောင်းဘုန်းကြီးကျောင်းတိုက်မှ ဦးစီးဆောင်ရွက်၍ ရိုးရာအစဉ်အလာမပြတ် နှစ်စဉ်ကျင်းပခဲ့ပြီး ဘဲဥထုပွဲတွင် ထုမည့်သူနှစ်ယောက် ပါဝင်ရမည်ဖြစ်ကြောင်း၊ ပွဲတော်ကို ဖေဖော်ဝါရီ ၁၈ ရက်မှ ၂၀ ရက်အထိ စည်းကားသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်သည်။

 


ကိုမင်း(အင်းတော်)