စစ်ကိုင်း ၁၅ ဇူလိုင်
စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရွေ့လျား စာကြည့်တိုက် (စစ်ကိုင်း)တို့ ပူးပေါင်းကျင်းပသည့် (၇၂)နှစ်မြောက် အာဇာနည်နေ့အကြို စာစီစာကုံးပြိုင်ပွဲကို ဇူလိုင်(၁၅)ရက် နံနက်(၉)နာရီခွဲက စစ်ကိုင်းမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်အောင်ထွေးက (၇၂)နှစ်မြောက် အာဇာနည်နေ့အကြို စာစီစာကုံးပြိုင်ပွဲ ကျင်းပရခြင်း၏ရည်ရွယ်ချက်များနှင့် အာဇာနည်နေ့ ဖြစ်ပေါ်လာပုံအကြောင်းတို့ကို လည်းကောင်း၊ ဒုတိယဦးစီးမှူး ဒေါ်ဇာနည်ဝင်းက ယှဉ်ပြိုင်ရမည့် ပြိုင်ပွဲခေါင်းစဉ် "(၁၉) ဇူလိုင်မမေ့နိုင်" ကို ဖွင့်ဖောက်ကြေညာပေးကာ အဖြေလွှာများကို မြို့နယ်စာရေးဆရာ အသင်းမှ စစ်ဆေးအမှတ်ပေးမည့်အကြောင်း၊ အမှတ်ပေးစည်းမျဉ်းများနှင့် ဆုရရှိသူများကို စစ်ကိုင်း ပညာရေးကောလိပ်၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း (စစ်ကိုင်း)တို့ ပူးပေါင်းကာ မြဧရာခန်းမ၌ ဇူလိုင်(၁၈)ရက် နံနက်(၉)တွင် ကျင်းပမည့် (၇၂)နှစ်မြောက် အာဇာနည်နေ့အကြို ဟောပြောပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားတွင် ဆုများကိုထိုက်တန်စွာ ချီးမြှင့်ပေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါပြိုင်ပွဲတွင် စစ်ကိုင်းမြို့ပေါ် အခြေခံပညာအထက်တန်းကျောင်းများဖြစ်သည့် အမှတ်(၁)၊ အမှတ်(၂)၊ အမှတ်(၃)၊ ရွှေမင်းဝံ လေ့ကျင့်ရေးအခြေခံပညာအထက်တန်းကျောင်း၊ ရန်နိုင်အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)၊ ဆွမ်းချက် အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)နှင့် Kid's Smile ကိုယ်ပိုင် ကျောင်းတို့မှ ကျောင်းသား၊ ကျောင်းသူ (၃၄)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြကာ မြို့နယ်စာရေးဆရာများအသင်းနှင့် ဆရာ၊ ဆရာမများက ကြည်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
မျိုးဝင်း (စစ်ကိုင်း)


