စစ်ကိုင်း ၁၂ ဇွန်
စစ်ကိုင်းမြို့ မြို့မဈေးကြီးအတွင်း ရောင်းချနေသည့် မုန့်မျိုးစုံဆိုင်များနှင့် ရပ်ကွက်များ၌ ထုတ်လုပ်ရောင်းချနေသည့် မုန့်တီလုပ်ငန်းများကို ယနေ့နံနက် ၉ နာရီခွဲက စစ်ကိုင်းခရိုင် စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့မှ ကွင်းဆင်း စစ်ဆေးခြင်းနှင့် ပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင် မြို့မဈေးကြီးအတွင်း မုန့်မျိုးစုံရောင်းသည့် ဈေးဆိုင်များရှိ မုန့်ထုပ်များကို စစ်ဆေးကာ ထုတ်ကုန် အမှတ်တံဆိပ်နှင့် ပါဝင်ပစ္စည်း ရေးသားထားခြင်းမရှိသည့် မုန့်များ၊ သက်တမ်းကုန်ဆုံးရက် ထည့်သွင်းထားခြင်း မရှိသည့် မုန့်များနှင့် သက်တမ်းလွန် အချိုရည်ဗူးများကို စားသုံးသူ ပြည်သူများအတွက် အန္တရာယ်ဖြစ်စေ နိုင်ခြင်းကြောင့် နောင်တွင် ဈေးကွက်အတွင်း ရောင်းချခြင်းမပြုရန် ပညာပေးပြောကြားပြီး သိမ်းဆည်းခဲ့သည့် မုန့်မျိုးစုံကို မီးရှို့ဖျက်ဆီးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် မြို့ပေါ်ရပ်ကွက်များဖြစ်သည့် မင်းလမ်းရပ်ကွက်နှင့် မြို့သစ်ရပ်ကွက်များအတွင်း ထုတ်လုပ်သည့် မုန့်တီ စားသောက်ကုန် လုပ်ငန်းရှင်များကိုလည်း စားသုံးသူပြည်သူများအတွက် လုံခြုံစိတ်ချရမှု ရှိ မရှိ၊ ဘေးဥပါဒ်အန္တရာယ် ကင်းရှင်းမှု ရှိ၊ မရှိကို စစ်ဆေးကာ ပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မျိုးဝင်း (စစ်ကိုင်း)