စစ်ကိုင်းမြို့ မင်းဝံတောင်ရိုး သစ်ပင်ပေါက်မှုကြဲသည့် နေရာများ၌ တပ်မတော်ရဟတ်ယာဉ်ဖြင့် သစ်စေ့မြေလုံး (Seed Ball) မျိုးစေ့များ ကြဲချစိုက်ပျိုး

စစ်ကိုင်း ၂၁ ဇွန်

 

စစ်ကိုင်းမြို့ အမှတ်(၃၃) ခြေမြန်တပ်မဌာနချုပ်၏ ဦးဆောင်မှုအစီအစဉ်ဖြင့် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနနှင့် သစ်တောဦးစီးဌာနတို့ ပူးပေါင်းကာ စစ်ကိုင်းမြို့နယ်အတွင်း မင်းဝံတောင်ရိုး သစ်ပင်ပေါက်မှုကြဲပါးသော မြေနေရာများတွင် သစ်ပင်များ ရှင်သန်ဖြစ်ထွန်းလာစေရန် ရည်ရွယ်၍ တပ်မတော်ရဟတ်ယာဉ်ဖြင့် ဇွန် ၂၀ ရက် မွန်းတည့် ၁၂ နာရီက အမှတ်(၃၃) ခြေမြန်တပ်မဌာနချုပ် ရဟတ်ယာဉ်ကွင်းမှ သစ်စေ့မြေလုံး (Seed Ball) မျိုးစေ့များအား သယ်ဆောင်ကြဲချ စိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။

 

ရဟတ်ယာဉ်ပေါ်သို့ သစ်စေ့(၅)မျိုးဖြစ်သည့် ဘောစကိုင်းမျိုးစေ့၊ မြန်မာရှားမျိုးစေ့၊ ကုက္ကိုလ်မျိုးစေ့၊ မယ်ဇလီမျိုးစေ့၊ ဆူးဖြူမျိုးစေ့ စုစုပေါင်းမျိုးစေ့ ၁၅၀ဝ၀ဝ စေ့အား သစ်စေ့မြေလုံး (Seed Ball) အရေအတွက် အလုံး ၃၀ဝ၀ဝ နှင့် ဘောစကိုင်းမျိုးစေ့ တစ်ပြည်၊ မြန်မာရှားမျိုးစေ့ တစ်ပြည်၊ မြန်မာကုက္ကိုလ်မျိုးစေ့ တစ်ပြည်၊ မယ်ဇလီမျိုးစေ့ တစ်ပြည်၊ ဆူးဖြူမျိုးစေ့ တစ်ပြည်၊ တမာမျိုးစေ့ တစ်ပြည်တို့အား သယ်ဆောင်ကာ မင်းဝံတောင်ရိုးတစ်လျှောက် သစ်ပင်ပေါက်ရောက်မှု ကြဲသည့်နေရာများ၌ ယာဉ်ပေါ်ပါ တပ်မတော်သားများနှင့် သစ်တောဝန်ထမ်းများက မျိုးစေ့များကို ကြဲချခြင်းဖြင့် စိုက်ပျိုးပေးခဲ့ကြသည်။

 

အဆိုပါ သစ်စေ့ချစိုက်ပျိုးပွဲသို့ စစ်ကိုင်းမြို့ အမှတ်(၃၃) ခြေမြန်တပ်မဌာနချုပ်မှ နည်းဗျူဟာမှူး ဗိုလ်မှူးကြီး ဇော်လင်းထွန်းနှင့် တာဝန်ရှိသူများ၊ စစ်ကိုင်းတိုင်းဒေသကြီး အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဘလွင်ဦးနှင့် ခရိုင်/မြို့နယ် စိမ်းစိုဝန်ထမ်းများ၊ စစ်ကိုင်းခရိုင် သစ်တောဦးစီးဌာနမှ ဦးမြင့်စိုး(၁)နှင့် ခရိုင်/မြို့နယ် သစ်တောဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

မျိုးဝင်း (ပြန်/ဆက်)