စစ်ကိုင်း  ၊ ၅ ဖေဖော်ဝါရီ 

စစ်ကိုင်းမြို့နယ်၊ညောင်ပင်ဝန်းကျေးရွာ နည်းပညာပြန့်ပွားရေးစင်တာတွင် တောင်သူများအား စပါးခွံပေါင်းခံရည်ပြုလုပ်နည်း၊ သဘာဝပိုးနှင်ဆေးနှင့် ငါးအမိုင်နိုအက်ဆစ် (Fish Amino-Acid ) ပြုလုပ် သုံးစွဲနည်းကို ဖေဖော်ဝါရီ ၅ ရက်တွင် ပညာပေးလက်တွေ့သရုပ်ပြပွဲ ပြုလုပ်ခဲ့ကြောင်း စစ်ကိုင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက သိရသည်။

''သဘာဝမြေသြဇာတွေ သုံးစွဲခြင်းအားဖြင့်  ရေရှည်တည်တံ့သော မြေဆီလွှာတွေ ကောင်းမွန်မယ်၊ပေါင်း ပေါက် ရောက်မှု နည်းပါးမယ်၊ပေါင်းသတ်ဆေးတွေ လျှော့ချအသုံးပြုလာနိုင်မယ်။ ပိုးပွားရောဂါ ဒဏ်ခံနိုင်မယ် ဘေးအန္တရာယ် ကင်းရှင်းတဲ့ အစားအစားတွေရရှိမယ် စိုက်ပျိုးရေးထွက်ကုန်တွေ မှာ ဓာတ်ကြွင်းအာနိသင်တွေ မကျန်ရှိတော့ဘူး စတာတွေကို ပညာပေးဆွေးနွေးတယ်။ စပါးခင်းက စိုက်ပျိုးထုတ်လုပ်ပြီး စပါးကြိတ်တဲ့အခါမှာ ထွက်လာတဲ့ စပါးခွံတွေကို အကျိုးရှိစွာ အသုံးပြုနိုင်အောင် စပါးခွံပေါင်းခံရည်ပြုလုပ်တဲ့ နည်းကို လက်တွေ့ပြသတယ်။သဘာဝပိုးနှင်ဆေးနဲ့ ငါးအမိုင်နိုအက်ဆစ် (Fish Amino-Acid )ပြုလုပ်သုံးစွဲနည်းတွေကိုပါ  လက်တွေ့ သရုပ်ပြသခဲ့ပါတယ် ''ဟုစစ်ကိုင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက မြို့နယ်ဦးစီးမှူး ဦးဇော်ဦးက ပြောသည်။

အဆိုပါ ပညာပေး လက်တွေ့သရုပ်ပြပွဲသို့ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနများမှ တာဝန်ရှိသူများနှင့် စိုက်ပျိုးရေးဝန်ထမ်းများ ညောင်ပင်ဝန်းကျေးရွာနေ တောင်သူများ တက်ရောက်ခဲ့သည်။

စစ်ကိုင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် မြို့နယ်အတွင်းရှိ တောင်သူများထံသို့ ကွင်းဆင်း၍  သဘာဝပိုးပြေးဆေး၊ သဘာဝမြေဆွေးပုံ နှင့် သဘာဝအားဆေး ဖျော်စပ်ခြင်းများနည်းများကို စဉ်ဆက်မပြတ် လက်တွေ့ပြသပေးလျက်ရှိကြောင်း သိရသည်။

ခိုင်ဇေယျ(စစ်ကိုင်း)