စစ်ကိုင်း ၂၄ ဇွန်  


စစ်ကိုင်းမြို့၊ ပယ်ငါးဆယ်ကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)တွင် ပညာသင်ကြားနေသော အလယ်တန်းအဆင့်၊ အထက်တန်းအဆင့် ကျောင်းသူ၊ ကျောင်းသားများထဲမှ  ကျောင်းသွားရန် အခက်အခဲရှိနေပြီး ချို့တဲ့သော ကျောင်းသူ၊ ကျောင်းသား ၁၇၁ ဦးအတွက် LessWalk Organization မှ စက်ဘီးအစီးရေ ၁၇၁ စီး လှူဒါန်းမှုကို ယနေ့ နံနက်ပိုင်း အဆိုပါကျောင်းဝန်းအတွင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

1

 


''စက်ဘီးတွေကို ကျောင်းသူ၊ ကျောင်းသားတွေကို ပေးချင်နေတာ အဲဒါကို စဉ်းစားနေတာ တစ်နှစ်ကျော်ကြာပါပြီ။ ကျွန်တော်အိမ်မက်က ဖြစ်လာခဲ့ပါတယ်။အခု  အစီးရေ တစ်သောင်း ဝယ်ထားပါတယ်။ တိုင်းနဲ့ပြည်နယ် အားလုံးကို မျှတအောင်လှူဒါန်းသွားမှာပါ။ အခု ဒီကျောင်းမှာ စက်ဘီးအစီးရေ ၁၇၁ စီးကို လှူဒါန်းခဲ့ပါတယ်။ စက်ဘီးတစ်စီး တန်းဖိုးအနေနဲ့က တစ်သိန်းခွဲ၊ နှစ်သိန်းကျပ်ထိ ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်က အများနဲ့ဝယ်တာဆိုတော့ တစ်စီးကို ငါးသောင်းကျော်လောက်ပဲ ကျပါတယ်"ဟု LessWalk Organization တည်ထောင်သူ ကိုသန်းထွန်းဝင်း က ပြောသည်။


LessWalk Organization မှ မြန်မာတစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားနေသော အလယ်တန်းအဆင့်၊ အထက်တန်းအဆင့် ကျောင်းသူ၊ကျောင်းသားများထဲမှ  ကျောင်းသွားရန် အခက်အခဲရှိနေပြီး ချို့တဲ့သော ကျောင်းသူ၊ ကျောင်းသား ဦးရေ (၁၀ဝ၀ဝ) ကို စက်ဘီးအစီးရေ (၁၀ဝ၀ဝ)လှူဒါန်းသွားမည်ဖြစ်ရာ လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း နှစ်ကျောင်းမှ ကျောင်းသူ၊ ကျောင်းသား ၉၅ ယောက်ကို ဇွန်လ ၁၅ ရက်နေ့ ဇွန်လ ၁၆ ရက်နေ့က သွားရောက်လှူဒါန်းခဲ့ပြီး ယနေ့တွင် စစ်ကိုင်းမြို့၊ ပယ်ငါးဆယ်ကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)ရှိ ကျောင်းသူ၊ကျောင်းသား (၁၇၁)ဦးကို လာရောက်လှူဒါန်းခြင်းဖြစ်ကြောင်း LessWalk မှသိရသည်။


အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ ဌာနာဆိုင်ရာများမှ တာဝန်ရှိသူများ၊LessWalk Organization မှ တာဝန်ရှိသူများနှင့် အလှူရှင်များစသည့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်း သိရသည်။


ခိုင်ဇေယျ(075)