နေပြည်တော် မတ် ၁

မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့၌ တည်ထားပူဇော်သောရှေးဟောင်းသမိုင်းဝင် ရာဇမဏိစူဠာ ကောင်းမှုတော်စေတီတော်မြတ်ကြီးအား ဘက်စုံပြုပြင်မွမ်းမံ၍ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်အထွဋ်တင်လှူပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ နိုင်ငံတော်ဩဝါဒါစရိယ သောဠသမ ရွှေကျင်သာသနာပိုင် ဆရာတော် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏အဓိပတိ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တ ဉာဏိဿရ အမှူးပြုသည့်ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များ ကြွရောက်ချီးမြှင့်တော်မူကြသည်။

အဆိုပါအခမ်းအနားသို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောနှင့်ဇနီး၊ ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများနှင့် ဇနီးများ၊ အနောက်မြောက်ပိုင်း တိုင်းစစ် ဌာနချုပ်တိုင်းမှူး၊ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယ ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ စေတနာရှင် အလှူရှင်များ၊ ဝတ်အသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ စည်ကားသိုက်မြိုက်စွာ တက်ရောက် ကြည်ညိုကြသည်။

ဦးစွာ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ်က အောင်မြေဗောဓိ ဓမ္မာရုံတော် အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညိုပြီး သစ်သီး ပန်းမန်၊ ဆီမီးနှင့် သောက်တော် ရေချမ်းတို့ကို ကပ်လှူပူဇော်သည်။

ထို့နောက် အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ပြီး ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော် ဝန်ကြီးချုပ်နှင့် ဇနီး၊ တက်ရောက်လာကြသည့် ဧည့်ပရိသတ်များက သီတဂူဆရာတော်ဘုရားကြီးထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြကာ ဥပါသကာများက ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်ချည်၊ ပရိတ်သဲများကို သံဃာတော်များထံ ဆက်ကပ်သည်။ ယင်းနောက် သံဃာတော် အရှင်သူမြတ်တို့ ရွတ်ပွား ချီးမြှင့်တော်မူကြသည့် ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။

ဆက်လက်၍ ဥပါသကာများက ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်ချည်၊ ပရိတ်သဲများကို ယူဆောင်၍ စေတီတော် ပရိဝုဏ်တော်တွင် ပက်ဖျန်းကြဲဖြန့် ချည်နှောင်တားဆီးကာရံကြသည်။

ထို့နောက် ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် သဗ္ဗညုဘုရားရှင်အား ရည်မှန်းထား၍ ရတနာစိန်ဖူးတော်၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မ အလှူတော်ငွေများကို သီတဂူဆရာတော်ဘုရားကြီးထံ သာဟတ္ထိကဒါနမြောက် ဆက်ကပ်လှူဒါန်းပူဇော်သည်။

ယင်းနောက် ကော်မရှင်အတွင်းရေးမှူးနှင့် ဇနီးတို့က ငှက်မြတ်နားတော်နှင့် လှူဖွယ်ပစ္စည်းများကို သီတဂူဆရာတော်ဘုရားကြီးနှင့် သံဃာတော်များထံ သာဟတ္ထိ ကဒါနမြောက် ဆက်ကပ်လှူဒါန်း ပူဇော်သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများက သံဃာတော် အရှင်သူမြတ်များထံ လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်း ကြသည်။

ထို့နောက် တက်ရောက်လာကြသည့် အကြီးအကဲများနှင့် ဧည့်ပရိသတ်များက ရတနာ ငှက်မြတ်နားတော်ရှိ ရတနာရွှေကြုတ်တော်အတွင်းသို့ ရတနာ ရွှေငွေ ကျောက်သံပတ္တမြားများကို ကြည်ညိုသဒ္ဓါပွားများစွာ ထည့်သွင်းလှူဒါန်းပူဇော်ကြ သည်။

ယင်းနောက် ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် အမှူးပြုသည့် ဧည့်ပရိသတ်များသည် သီတဂူဆရာတော်ဘုရားကြီးထံမှ အနုမောဒနာတရားနာယူ၍ လှူဒါန်းမှုအစုစုအတွက် ရေစက် သွန်းချ အမျှပေးဝေကြသည်။

ဆက်လက်၍ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ ကော်မရှင် အတွင်းရေးမှူးနှင့် ဇနီး၊ အဖွဲ့ဝင်များသည် ရတနာ စိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့ကို မင်္ဂလာဝေါယာဉ်တော်ဖြင့် ပင့်ဆောင်၍ စေတီတော်မြတ်ကြီးအား လက်ယာရစ် လှည့်လည်ပူဇော်ကာ မဟာမင်္ဂလာမဏ္ဍပ် တော်ရှေ့ရှိ ခေတ္တအပူဇော်ခံနေရာသို့ ပို့ဆောင်ကြသည်။

ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ ကော်မရှင်အတွင်းရေးမှူးနှင့် ဇနီး၊ အဖွဲ့ဝင်များသည် ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့ကို အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပူဇော်၍ သိဒ္ဓိ မင်္ဂလာဆင်ယင်ကြသည်။

ယင်းနောက် သီတဂူဥပါသကာများက ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့အား စေတီတော်အထွတ်သို့ ပင့်ဆောင်ကြပြီး ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ်၊ ကော်မရှင် အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များက ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့ကို စေတီ တော်အထွတ်၌ တင်လှူပူဇော်၍ ပရိတ်နံ့သာရည်များ ပက်ဖျန်းကြသည်။

ဆက်လက်၍ ရှေးဟောင်း သမိုင်းဝင် ရာဇမဏိစူဠာ ကောင်းမှုတော် စေတီတော်မြတ်ကြီး ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်တင်လှူ ပူဇော်ပွဲအခမ်းအနားကို “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းခဲ့ပြီး အခမ်းအနား အောင်မြင်ခြင်း အထိမ်းအမှတ် အဖြစ် ရတနာရွှေမိုး၊ ငွေမိုးများ ရွာသွန်းဖြိုးခဲ့ကြသည်။

အခမ်းအနား အပြီးတွင် ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များသည် ကြွရောက်ချီးမြှင့်တော်မူကြသည့် သီတဂူဆရာတော်ကြီး အမှူးပြုသည့် ဆရာတော်အရှင် သူမြတ်များအား နေ့ဆွမ်း ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

သတင်းစဉ်