စစ်ကိုင်း ၂၀ နိုဝင်ဘာ
စစ်ကိုင်းမြို့မှ ပြုလုပ်သော အောင်မြင်ခြင်း သင်္ကေတများပါရှိသည့် မြန်မာ့ရိုးရာ အရုပ်ကလေးများကို ဈေးကွက်အေးသော်လည်း ပုံမှန်ပြုလုပ်ကာ ဒေသအနှံ့ ဖြန့်ချိလျက်ရှိကြောင်း သိရသည်။ အရုပ်ကလေးများတွင် အဓိပ္ပါယ် အသီးသီးဆောင်နေသည့် အရုပ်များနှင့်အတူ ကစားစရာများ၊ ရိုးရာ နတ်ကိုးကွယ်မှုဆိုင်ရာ အရုပ်များကို ပြုလုပ်ရောင်းချကြရသည်။
မြန်မာ့ရိုးရာ ကစားစရာအရုပ်ကလေးများကို ကစားစရာအဖြစ်လည်းကောင်း၊ အောင်မြင်ခြင်း သင်္ကေတအဖြစ်လည်းကောင်း သတ်မှတ်ဝယ်ယူလေ့ရှိသည်။ ဇီးကွက်ရုပ်ကလေးများကို လာဘ်ကောင်အဖြစ် ဝယ်ယူကာ ချိတ်ဆွဲတတ်သည်။ အများအားဖြင့် ဇီးကွက်အဖိုအမတစ်စုံကို ဝယ်ယူချိတ်ဆွဲသည့်ဓလေ့ ယနေ့တိုင်တည်ရှိနေသည်။ ပစ်တိုင်းထောင် အရုပ်ကလေးများကိုမူ ချစ်စရာပုံသဏ္ဌာန် ပြုလုပ်ထားသည့်အတွက် ကလေးလူကြီး နှစ်သက်ကြသည်။ ပစ်တိုင်းထောင်ကို ကစားစရာအဖြစ် အဓိကထားဝယ်ယူခြင်းနှင့်အတူ ရှိုးကစ်များပေါ်တွင် အလှတင်လေ့ရှိသည်။ လူငယ်များအတွက် ဘဝအတွက် ရုန်းကန်နေသူများကမူ အဓိပ္ပါယ်အသီးသီးဖြင့် ဝယ်ယူချိတ်ဆွဲသည်ကိုလည်း တွေ့ရသည်။
ကန်ခြင်း၊ ပစ်ချခြင်းတို့ကို မကြောက်သော ပစ်တိုင်းထောင်၊ ဒူးမထောက် အရှုံးမပေးတတ်သော ပစ်တိုင်းထောင်၊ ဒုက္ခကိုအံတုနေသည့် သတ္တိခဲအဖြစ် အားတက်စေရန် အမှတ်တရ ဝယ်ယူကြသည်။ လောကဓံကို ကြံ့ကြံ့ခံနိုင်ရေး ပစ်လိုက်တိုင်းထောင်တတ်သည့် ပစ်တိုင်းထောင်ကို အတုယူနိုင်ရေး စိတ်ဓာတ်အားဆေးအဖြစ် ချိတ်ဆွဲတတ်ကြသည်။ ဖိုးဝရုပ်ကလေးများကမူ မြန်မာနိုင်ငံ တစ်နိုင်ငံလုံးသိသော သင်ရိုးထဲမှ ဇာတ်ကောင်ကလေးဖြစ်ပြီး မြန်မာနိုင်ငံ၏ အောင်မြင်ခြင်းပြသင်္ကေတ၊ ဖော်ရွေခြင်းပြသင်္ကေတအဖြစ်လည်း သတ်မှတ်တတ်ကြသည်။ ဖိုးဝရုပ်တွင် ချစ်စရာ မြန်မာ့ဓလေ့တို့ကို ပေါင်းစပ်ပုံဖော်လေ့ရှိသည်။ ပါးကွက်ကွက်ထားပုံ၊ ပုဆိုးခါးတောင်းကျိုက်ထားပုံ၊ ပြုံးရွှင်ဖော်ရွေနေပုံ၊ လက်ပြနေဟန်ပုံတို့ကို ဆေးရောင်စုံဖြင့် ပုံဖော်ထားသည့်အတွက် မြန်မာတို့၏ ဖော်ရွေခြင်းပြသင်္ကေတအဖြစ် ယနေ့တိုင်ပေါ်လွင်နေသည်။
မြန်မာ့ရိုးရာ ဖိုးဝရုပ်၊ ဇီးကွက်ရုပ်၊ ပစ်တိုင်းထောင်မှအစ အခေါင်းပွစက္ကူအရုပ်ကလေးများကို ပုံသွင်းထားပြီးသောမိုပေါ်တွင် စက္ကူများကပ်ပြီး လှပစွာပြုလုပ်ဆေးခြယ်ကြသည်။ အရုပ်တိုင်းတွင် ဆေးရောင်ကလေးများ တူညီစွာခြယ်သပြီး အလှဆင်လေ့ရှိသည်။ မြန်မာ့ရိုးရာ ဘုရားပွဲများ၊ တန်ခိုးကြီးဘုရားများ၊ ပွဲဈေးတန်းများတွင် အများဆုံးရောင်းချလျက်ရှိပြီး အောင်မြင်ခြင်းပြ မြန်မာ့သင်္ကေတအရုပ်များအဖြစ် ယနေ့တိုင် မြတ်နိုးခုံမင်စွာ ဝယ်ယူလေ့ရှိသော အရုပ်ကလေးများအဖြစ် တည်ရှိနေကြောင်း သိရသည်။
တိမ်တမန်


