စစ်ကိုင်း ၃၀ ဇန်နဝါရီ
စစ်ကိုင်းမြို့မဈေးအတွင်း ရောင်းချနေသည့် စျေးဆိုင်ခန်းရှင် ၁၄၇ ဦးအား ငွေကျပ်သိန်း ၃၄၅ဝ ကျော် ချေးငွေပေးခြင်းကို ယနေ့ မွန်းလွဲပိုင်းက စစ်ကိုင်းမြို့မဈေး၊ ဈေးအကျိုးတော်ဆောင်ရုံးတွင် ပြုလုပ်ခဲ့ကြောင်း စစ်ကိုင်းမြို့နယ် စည်ပင်သာယာရေးကော်မတီမှ သိရသည်။
“ဆိုင်ခန်းရှင်တွေကို နေပြည်တော် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဘဏ်ကနေ စျေးအကျိုးတော်ဆောင်အဖွဲ့နဲ့ ပူးပေါင်းပြီး ထုတ်ချေးပေးတာပါ။ စျေးအကျိုးတော်ဆောင်အဖွဲ့က စျေးဆိုင်ခန်းရဲ့ ကာလတန်ကြေးကို သတ်မှတ်ပြီး ကာလတန်ကြေး တစ်ဝက်ကို ထုတ်ချေးပေးတာ၊ ကျပ်သိန်း ၂၀ ပါတယ်။ ကျပ် ၁၅ သိန်းပါတယ်။ ဘဏ်အတိုးနှုန်းကတော့ တစ်ကျပ်နှုန်းပေါ့။ အခြားဝန်ဆောင်ခတွေ ပါသေးတော့ ၁ ကျပ် ပြား ၂၀ လောက်တော့ ကျသွားမယ်၊ စျေးဆိုင်ခန်းပိုင်ရှင်များ အရင်းအနှီးတွေ ပြေလည်စေရန် ရည်ရွယ်ပြီး ပြုလုပ်ပေးတာပါ” ဟု စစ်ကိုင်းမြို့နယ် စည်ပင်သာယာရေးကော်မတီဝင် ဦးသီဟ က ပြောသည်။
ဘဏ်ချေးငွေ ထုတ်ချေးပေးရာတွင် ကျပ်သိန်း ၂၀၀ ဆိုင်ခန်းရှင် တစ်ဦး၊ ကျပ်သိန်း ၅၀ ဆိုင်ခန်းရှင် ၂၄ ဦး၊ ကျပ်သိန်း ၂၀ ဆိုင်ခန်းရှင် ၇၃ ဦး၊ ကျပ် ၁၅ သိန်း ဆိုင်ခန်းရှင် ၄၃ ဦး၊ ကျပ် ၁၀ သိန်း ဆိုင်ခန်းရှင် တစ်ဦးနှင့် ကျပ် ၅ သိန်း ဆိုင်ခန်းရှင် ၅ ဦးတို့အား စုစုပေါင်း ကျပ်သိန်း ၃၄၅၀ ကျော် ထုတ် ချေးပေးခဲ့ကြောင်း သိရသည်။
ခိုင်ဇေယျ(၀၇၅)