စစ်ကိုင်း ၁၈ နိုဝင်ဘာ

မြန်မာနိုင်ငံတွင် အလေးအမြတ်ထားကျင်းပသည့် ပွဲများတွင် ငွေထည်ကြေးထည် ပစ္စည်းများကို အမြတ်တနိုး ကိုင်တွယ်အသုံးပြုလေ့ရှိသည်။ ငွေဖလားဖြင့် ရေလောင်းခြင်း၊ ငွေဖလားဖြင့် ပန်းကမ်းခြင်း၊ ငွေဖလားဖြင့် နံ့သာရေဖျန်းခြင်း၊ ငွေကရားငယ်များဖြင့် ရေစက်သွန်းချ လှူဒါန်းခြင်းမှအစ ကြေးဆွမ်းအုပ် ငွေဆွမ်းအုပ်များကို အလှူမင်္ဂလာပွဲများ၊ လှူဒါန်းမှုပွဲများတွင် ငွေထည်ပစ္စည်းများကို အလေးအမြတ်ထားသုံးစွဲကြသည်။

အလေးအမြတ်ထားသော ငွေထည်ကြေးထည်ပစ္စည်းများတွင် မြန်မာတို့၏ အနုပညာလက်ရာများကို လေ့လာနိုင်သည်။ အနုစိပ်ပန်းများဖြင့် ဖော်ကျူးခြင်းနှင့်အတူ ဇာတ်တော်လာ သရုပ်ဖော်ပုံများကိုလည်း ငွေထည်ကြေးထည်များတွင် အနုစိပ်ပုံ ဖော်ကြသည်။ မြန်မာ့ငွေထည်ပစ္စည်းများသည် လှပဆန်းကျယ်သော အနုလက်ရာများကြောင့် မြင်သူတိုင်းကို စွဲဆောင်စေသည့် မြန်မာ့အနုပညာမြောက် အသုံးအဆောင်ပစ္စည်းအဖြစ် လက်ခံထားသည်။ ငွေထည်များထဲတွင် စစ်ကိုင်းမြို့ ရွာထောင်ရက်ကွက်မှ ပြုလုပ်သော ငွေထည်များမှာ နာမည်ကြီးပြီး ဆန်းကျယ်လှပသော လက်ရာများဖြင့် ပုံဖော်ထားသည်။ လက်ရှိကာလ စစ်ကိုင်းမြို့တွင် တစ်နှစ်ကျော်အချိန်ယူကာ ဇာတ်တော်လာ ဇာတ်ရုပ်များစွာဖြင့် ပုံဖော်ထားသော လက်ရာမြောက်ဖလားတစ်လုံးကို ဖန်တီးထားပြီး အရောင်တင်သည့်အဆင့်သာ ကျန်ရှိကြောင်း သိရသည်။

လက်ရှိကာလ အဝ (၉)လက်မ အမြင့် (၂)ပေရှိသော လက်ရာမြောက် ကြေးထည်ဆွမ်းအုပ်တစ်ခုလျှင် ငွေကျပ် ၁၅၀၀၀၀ ပေးရသည်။ လက်ရာမြောက် ဆွမ်းအုပ်များကို အနည်းဆုံး ငွေကျပ် ၁၀၀၀၀ မှ ၂ သိန်းကျော်အထိ အရွယ်အစားအလိုက် ဈေးနှုန်းအမျိုးမျိုးပေးရပြီး ငွေထည်များမှာ ငွေတစ်ကျပ်သားလျှင် ၁၅၀၀၀ နှုန်းဖြင့် ငွေပါဝင်သည့်အလေး အချိန်အတိုင်း ဈေးနှုန်းအမျိုးမျိုး ပြောင်းသွားကြောင်း သိရသည်။

ငွေထည်ကြေးထည်လုပ်ငန်းမှာ အဆင့်များစွာ ပြုလုပ်ရတယ်။ အဓိကအရေးကြီးသော အဆင့်နှစ်ဆင့်မှာ ဒေသအခေါ် ပုံဖော်သည့်အပိုင်းနှင့် ရုပ်ကြွထုသည့် အပိုင်းပင်ဖြစ်သည်။ လှပသောငွေထည် ကြေးထည်ပစ္စည်းရရှိရန်အတွက် ကြေးနှင့်ငွေသားကို အရည်ကျိုရသည်။

အရည်ကျိုပြီးရရှိလာသည့် ငွေကို တူဖြင့် ငွေပြားကို ပါးလာစေရန် ထုပေးရသည်။ ဒေသအခေါ် အဝေါ်အရ (တခြင်း)ဟု ခေါ်သည်။ တခြင်းလုပ်ငန်းပြီးပါက ဝိုင်းခြင်းဟုခေါ်သော ပါးပြီးသားငွေသားများကို အဝိုင်းဖြစ်စေရန် ပုံဖော်ပေးကြရသည်။ ထို့နောက် ဒေသအခေါ် အဝေါ်ထောင်ခြင်းဟုခေါ်သော ကိုယ်လိုချင်သည့် အရွယ်ရစေရန် အနားသားထောင်ပေးရကြရသည်။ ထောင်ခြင်းလုပ်ငန်းပြီးပါက တူးခြင်းဟုခေါ်သောအဆင့် ဇောက်အနက်ရစေရန် တူဖြင့်ပုံဖော်ပေးကြရသည်။ တူးခြင်းပြီးပါက ရင်အုံထုတ်ခြင်းဟုခေါ်သောအဆင့် ဖောင်းလာစေရန် ပြုလုပ်ပေးရသည်။ ရင်အုံထုတ်ပြီးသည်နှင့် အကြမ်းချောခြင်းလုပ်ငန်းဟု ခေါ်သော မျက်နှာပြင် အချောမွေ့ဆုံးတူဖြင့် အချောကိုင်ပေးကြသည်။ ထိုလုပ်ငန်းစဉ်များအား လုံးကိုအဖြူထည်ပိုင်းဟု ခေါ်သည်။ အဖြူထည်ပိုင်း ပြီးသည်နှင့် အချောကိုင် မွမ်းမံသည့် အပိုင်းကို ပြုလုပ်ကြရသည်။

မွမ်းမံသည့်အပိုင်းတွင် ကနုတ်များ ဇာတ်တော်လာပုံများ ပြုလုပ်ပုံဖော်ပေးခြင်း ငွေထည်ကို အရောင်တင်ခြင်းများ ပြုလုပ်ကြရသည်။ အရောင်တင်ရာတွင် သဘာဝနည်းအတိုင်း ကင်ပွန်းသီးကို မီးဖုတ်အရည်ဖျော်ကာ ဆေးရသည်။ ထို့နောက် အရောင်တင်သံဖြင့် ပွတ်ရသည်။ ငွေထည်တစ်ခုဖြစ်ရန် စိတ်ရှည်ရပြီး စူးဆောက်အမျိုးပေါင်း တစ်ရာကျော်ကို သုံးပြီး ပုံဖော်ကြရသည်။

တိမ်တမန်