စစ်ကိုင်း ၂၇ စက်တင်ဘာ
စစ်ကိုင်းမြို့မိ/ မြို့ဖမှ ဦးဆောင်ဖွင့်လှစ်သည့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တက္ကသိုလ်ဝင်တန်း စာမေးပွဲ အထောက်အကူပြု ပညာဒါနသင်တန်း (အခမဲ့ညကျောင်း)ကို ၂၀၁၉ ခုနှစ် အောက်တိုဘာ(၁)ရက်နေ့မှ စတင်၍ တနင်္လာနေ့မှ စနေနေ့အထိ အပတ်စဉ် ညနေ ၅ နာရီမှ ည ၉ နာရီအထိ ဘာသာရပ်မျိုးစုံကို စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန၌ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။
စစ်ကိုင်းမြို့မိ/ မြို့ဖ အဖွဲ့သည် မိမိတို့မြို့နယ်ဒေသအတွင်း အနာဂတ်ပညာရေးကို မျှော်တွေးလျှက် ထက်မြတ်မြင့်မားသည့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာစေရန် ပညာရေးကဏ္ဍကို အလေးထားပြုစု ပျိုးထောင်ပေးလျှက်ရှိရာ ဒေသရှိ အဆင့်ဆင့်မှ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်/ မြို့နယ် /သက်ဆိုင်ရာ ဌာနဆိုင်ရာများ၏ဦးဆောင်မှုတို့နှင့်အတူ ပညာရေးဝန်ကြီးဌာနမှအခြေခံပညာသင်ကျောင်းများ၊ ပြင်ပပုဂ္ဂလိက ကျူရှင်၊ ကိုယ်ပိုင်ပညာသင်ကျောင်းများမှ ဆရာ/ ဆရာမများတို့၏ စေတနာထက်သန် စိတ်ဝင်စားသူများဖြင့် စုစည်းကူညီပံ့ပိုးမှုအားကို ပေါင်းစည်းလျှက် နိုင်ငံတော်နှင့် တိုင်းဒေသကြီးတို့တွင် တစ်တပ်တစ်အား ပညာရေးကို ပါဝင်ဆောင်ရွက်မှုအဖြစ် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းကို ပြင်ပမှ ဝင်ရောက် ဖြေဆိုကြမည့် ကျောင်းသား/ ကျောင်းသူများအတွက် ပညာဒါနသင်တန်း(အခမဲ့ညကျောင်း)ဖွင့်လှစ်ပေးရခြင်း ဖြစ်ကြောင်း မြို့မိ/ မြို့ဖ အဖွဲ့ထံမှ သိရသည်။
“၂၀၁၈-၁၉ပညာသင်နှစ်မှာ ပထမအကြိမ် စစ်ကိုင်းခရိုင် လူထုအခြေပြုဗဟိုဌာနမှာဘဲ ဖွင့်လှစ်ဖြစ်ခဲ့ပါ တယ် မနှစ်ကတော့ နိုဝင်ဘာ(၁)ရက်မှာ စတင်ဖွင့်ပါတယ် ဒီနှစ်တော့ တစ်လစောပြီးဖွင့်လိုက်တယ် မနှစ်က စဖွင့်တော့ ကျောင်းသား(၇၁)ဦးလောက် တက်ကြတယ် တစ်ဖြေးဖြေးနဲ့ စာမေးပွဲဖြေခါနီးမှာ(၃၆)ယောက်ဘဲ ဖြေပြီး(၆)ယောက်တော့ အောင်ပါတယ် အောင်ချက်ကောင်းဖို့/ မကောင်းဖို့ထက် အဓိကတော့ တက္ကသိုလ်ဝင်တန်း ကျရှူံးပြီး ဘဝတက်လမ်းပျောက်နေသူလေးများ၊ စိတ်ဓာတ်ကျလေလွင့် လမ်းမှားရောက်နေသူလေး များ မဖြစ်စေရန် ထိန်းသိမ်းပေးတဲ့သဘောပါ ပညာလိုလားသော်လည်း လုပ်ငန်းခွင် ဝင်ရောက်နေသူများ၊ ကျူရှင်ကိုယ်ပိုင်ကျောင်းတက်ရန် အခက်အခဲရှိသူများ၊ ပြင်ပမှဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသာများအား ပြောင်းလဲလာသည့် ပညာရေးစနစ်၏ သင်ရိုးသစ်မေးခွန်းပုံစံများကို စနစ်တကျဖြေဆိုနိုင်ရေးပါပဲ နောက်ပြီး မြို့နယ်နှင့် တိုင်းဒေသကြီးတွင် တက္ကသိုလ်ဝင်တန်း အောင်ချက်ရာနှုန်း မြင့်မားရေးကို တစ်စိတ်တစ်ပိုင်း အားဖြည့်သည့်အနေဖြင့် ဒီသင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း “ မြို့မိ/ မြို့ဖ အဖွဲ့ အတွင်းရေးမှူး ဦးဇော်ဝင်းက ပြောကြားပေးခဲ့သည်။
သင်ကြားပြသပေးကြမည့် ဆရာကြီး/ ဆရာမကြီးများကလည်း သက်မှတ်စာသင်ချိန်အတွင်း စေတနာ ထက်သန်စွာဖြင့်သင်ကြားပြသပေးကြပြီးလက်ရှိကိုယ်ပိုင်ကျောင်းတွေ၊ ပြင်ပကျူရှင်တွေမှာသင်ကြားနေကြတဲ့ ဆရာကြီး/ ဆရာမကြီးများဖြစ်ရာ “ ကျွန်တော် လက်ရှိ (IBEC)ကျောင်းမှာ သင်ကြားပြသပေးနေပါတယ် အခုဒီသင်တန်းမှာလည်း စေတနာအပြည့်နဲ့ သင်ကြားပေးသွားမှာပါ တစ်ခြားဘာသာရပ် ဆရာ/ဆရာမတွေ လည်းဘဲ ကျွန်တော့်လိုဘဲ ခံယူချက်တွေရှိကြပါတယ် စာသင်ကြားလာတဲ့ ကျောင်းဆရာဆိုတော့ စာသင်ကြား ရမှာကို ဝါသနာလည်းပါတယ်၊ ပျော်လည်းပျော်တယ်ပေါ့ဗျာ ကျွန်တော်ကျန်းမာရေးကောင်းနေသ၍တော့ စာသင်ကြားမှု တွေ စဉ်ဆက်မပြတ် သင်ကြားပေးနေမှာပါ “ ဟု ပထဝီ/မြန်မာစာ သင်ကြားပေးသွားမည့် ဆရာကြီး ဦးတင်ဝင်းက ပြောကြားပေးခဲ့သည်။
ထို့အတူ စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်အောင်ထွေး ကလည်း "မနှစ်ကလည်း ကျွန်တော်တို့ဌာနမှာရှိတဲ့ လူထုအခြေပြုဗဟိုဌာနမှာ အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့တယ် ဒီနှစ်မှာလည်း ဆက်လက်ဖွင့်ပါ့မယ်လို့ ခွင့်တောင်းတော့ အဆင့်ဆင့်တင်ပြပြီး ဖွင့်လှစ်ခွင့်တောင်းလိုက်တယ် အဆင်ပြေသွားပါတယ် အဓိကကျွန်တော်တို့ဌာနအနေနဲ့ကတော့ သက်ဆိုင်ရာဌာနဆိုင်ရာတွေ/ တစ်ခြားအဖွဲ့ အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်တဲ့သဘောပါ သက်မှတ်ထားတဲ့ လုပ်ငန်းစဉ်တွေနဲ့ ကိုက်ညီမှုရှိနေရင် ဒီဌာနမှာ လုပ်ဆောင်မှုပေးပြီး ပူးပေါင်းဆောင်ရွက်ပေးသွားမှာပါ” ဟု ပြောကြားခဲ့ကြောင်း ခရိုင်ပြန်/ဆက်မှ သိရသည်။
MDN


