စစ်ကိုင်း၊ ၆ ဒီဇင်ဘာ
စစ်ကိုင်းမြို့နယ်တွင် နိုဝင်ဘာလဆန်းပိုင်းမှစ၍ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများ ကူးစက်ပြန့်ပွားမှု ကျယ်ပြန့်လာသဖြင့် ကျေးရွာ(၄)အုပ်စုအား ဒီဇင်ဘာ(၅)ရက်မှစ၍ ဒီဇင်ဘာလ (၁၈)ရက်နေ့အထိ အသွားအလာ ကန့်သတ်ထားရှိခဲ့ကြောင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မှသိရသည်။
စစ်ကိုင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုး အတည်ပြုလူနာတွေ့ရှိမှု အနေဖြင့် ဒီဇင်ဘာလ (၃)ရက်နေ့ (၂၄)နာရီအတွင်း Quarantine ဝင်ရောက်နေသူနှင့် အနံ့ပျောက်သူများအပါအဝင် သံသယရှိ လူနာ(၂၅၀)ကျော်တို့အား စစ်ဆေးရာ (၂၄)ဦးတွေ့ရှိခဲ့ပြီး အလားတူ ဒီဇင်ဘာ(၅)ရက်နေ့မှာ (၂၇၄)ဦးတို့ အားစစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာ (၃၄)ဦး ထပ်မံတွေ့ရှိခဲ့ကြောင်းကို ခုတင်(၂၀၀)ဆံ့ အထွေထွေရောဂါကု ဆေးရုံကြီးမှ သိရသည်။
ရောဂါပြန့်ပွားမှုများရှိခဲ့သည့် တဲကြီး၊ ကြွယ်လူး၊ နောက်ကြည့်ကျွန်းနှင့် မအူပင်ကျေးအုပ်စုများရှိ ရွာပေါင်း (၁၇)ရွာတို့ အား ရောဂါကူးစက်ပြန့်ပွားမှုများ လျှော့နည်းစေရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ညွှန်ကြားချက်များနှင့် သက်ဆိုင်ရာ ရပ်/ ကျေး ကိုဗစ်-၁၉ ရောဂါ ကြီးကြပ်ရေး ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ သွားလာခြင်း မပြုရန်၊ မဖြစ်မနေသွားလာရန် လိုအပ်ပါက အများဆုံး လူ(၂)ဦးထက်ပို၍ သွားလာခွင့်မပြုရန်၊ သွားလာရာတွင်လည်း သက်မှတ်ခွင့်ပြုပေးထားသည့် ကတ်ပြားများဖြင့်သာ သွားလာကြရန်၊ ကျေးရွာအတွင်းသို့ ညအိပ်တည်းခိုမည့်သူများသည် ရောဂါပိုးကင်းရှင်းကြောင်း ကျန်းမာရေးဌာန၏ အသိအမှတ်ပြု ထောက်ခံချက် များနှင့်သာ ခွင့်ပြုရန်ကို ညွှန်ကြားထားရှိခဲ့ပြီးဖြစ်ရာ သက်မှတ်ညွှန်ကြားချက်များကို လိုက်နာမှုမရှိပါက တည်ဆဲဥပဒေများအရ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကောမတီမှ သိရသည်။
ဇော်မြင့်နိုင်


