စစ်ကိုင်း၊ ၁၅ ဒီဇင်ဘာ
စစ်ကိုင်းမြို့နယ်၊ စိုက်ပျိုးရေးဉးစီးဌာန တဲကြီးမြို့မနည်းပညာပြန့်ပွားရေးစင်တာမှ တာဝန်ခံများ နှင့် စိုက်ပညာရှင်ဝန်ထမ်းများသည် ယမန်နေ့၊ မွန်းလွဲပိုင်းက နယ်မြေအတွင်းရှိ ပဲကတိုးကျေးရွာ တောင်သူ ဦးနိုင်ဦး၊ ဦးရွှေနီ ကွင်းအမှတ်(၇၂၉)ရှိ စပ်မျိုး(၁)နေကြာ စိုက်ခင်းရိတ်သိမ်းရာတွင် လေလွင့်မှု မရှိစေရန် နည်းပညာများ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ တောင်သူဦးပေါသန်း၏ ကုလားပဲရေဆင်း(၃) စိုက်ကွင်းသို့သွားရောက်၍ ပန်းပွင့် ချိန်တွင်( ယူရီးယား+လက်ချား)သုံးစွဲရန်၊ ဓာတုပစ္စည်းသုံးစွဲမှု လျော့ချသုံးစွဲပေးရန်နှင့် သဘာဝပိုးသတ် ဆေးပြုလုပ်သုံးစွဲကြရန်တို့ကို ဆွေးနွေးပေးခဲ့ကာ တောင်သူဦးဆန်းဝင်း၏ ကွင်းအမှတ်(၈၂၂)တွင် မိုးစပါး ဆင်းသုခ ရိတ်သိမ်းအပြီး သီးထပ်အဖြစ် ဂျုံ(ဇလုတ်ဖြူ) စိုက်ပျိုးခြင်းသို့သွားရောက်ပြီး ဂျုံစိုက်ပျိုးစနစ် နည်းစနစ်မှန်ကန်ရေးနှင့် ကုန်ကျစရိတ်သက်သာသည့် သဘာဝမြေဩဇာ(EM -ဘိုကာရှီ) ပြုလုပ်သုံးစွဲ နည်းများကို နည်းပညာများ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
စစ်ကိုင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် မိုးသီးနှံ၊ ဆောင်းသီးနှံ စိုက်ပျိုးတောင်သူများအား စိုက်ပျိုးရေး အခက်အခဲများရှိပါက သက်ဆိုင်ရာ နည်းပညာပြန့်ပွားရေး စင်တာများနှင့် ချိတ်ဆက်၍ အချိန်နှင့်တစ်ပြေးညီ ဆွေးနွေးမေးမြန်းနိုင်ကြောင်းလည်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။
ဇော်မြင့်နိုင်(ခရိုင်ပြန်/ဆက်)


