စစ်ကိုင်း၊ ၂၇ ဒီဇင်ဘာ
စစ်ကိုင်းမြို့နယ် စိုက်ပျိုးရေးဉီးစီးဌာနအစီအစဉ်ဖြင့် တဲကြီးမြို့မ နည်းပညာပြန့်ပွားရေးစင်တာများမှ တာဝန်ခံများနှင့် စိုက်ပညာရှင် ဝန်ထမ်းများသည် ဒီဇင်ဘာ ၂၆ ရက် နံနက်ပိုင်းက ဆင်တပ်ကျေးရွာ ကွင်းအမှတ်(၈၃၈)၊ (၈၄၂/ ၁၇၂၉) တောင်သူ ဦးဆွေ၊ ဦးသက်၊ ဦးညွန့်ဝင်းတို့၏ ဆောင်းသီးနှံ တိုင်ထောင်ပဲ (ဧကရီ-111)၊ ခရမ်းချဉ်(909) စိုက်ခင်းများသို့ သွားရောက်၍ အစားအစာများ ဘေးအန္တရာယ်ကင်းရှင်းစေရန် နည်းပညာဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
“ကွန်တော်တို့ဌာနအနေနဲ့ မြို့နယ်အတွင်း မိုးသီးနှံ၊ ဆောင်းသီးနှံ စိုက်ပျိုးတောင်သူတွေကို သီးနှံအထွက်နှုန်းကောင်းစေရန်၊ စိုက်ခင်းများအတွင်း ပိုမွှားကျရောက်မှု ကြိုတင်ကင်းထောက် ကာကွယ်ရန်၊ သဘာဝပိုးပြေးဆေး ပြုလုပ်သုံးစွဲရန်၊ မှိုရောဂါကာကွယ်နိုင်စေရန်၊ ငါးအမိုင်နိုအားဆေး ပြုလုပ်သုံးစွဲရန်နဲ့ EM- ဘိုကာရှီ မြေဆွေးပုံပြလုပ်သုံးစွဲခြင်းဖြင့် ရရှိလာမယ့် အကျိုးကျေးဇူးတွေကို နည်းပညာပေးဆွေးနွေးပါတယ်။ နောက်ပြီး ဓာတုပစ္စည်းတွေ မလိုအပ်ဘဲမသုံးစွဲကြဖို့၊ ဓာတုဓာတ်ကြွင်း အန္တရာယ်အကြောင်းကိုလည်း နည်းပညာပေးဆွေးနွေးပါတယ်” ဟု တဲကြီးမြို့မ နည်းပညာပြန့်ပွားရေးစင်တာမှ တာဝန်ခံ တစ်ဦးက ပြောသည်။
စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် မိုးသီးနှံ၊ ဆောင်းသီးနှံ စိုက်ပျိုးတောင်သူများအား စိုက်ပျိုးရေး အခက်အခဲများရှိပါက သက်ဆိုင်ရာ နည်းပညာပြန့်ပွားရေး စင်တာများနှင့် ချိတ်ဆက်၍ အချိန်နှင့် တစ်ပြေးညီ ဆွေးနွေးမေးမြန်းနိုင်ကြောင်းလည်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။
ဇော်မြင့်နိုင် (ပြန်/ဆက်)


