နေပြည်တော်၊ ဩဂုတ် ၁၈

စစ်ကိုင်းမြို့နယ်နှင့် ကလေးမြို့နယ်တို့တွင် ငွေကျပ် ၄ ဒသမ ၂ ဘီလီယံကျော်တန်ဖိုးရှိ တရားမဝင် သယ်ဆောင်လာသည့် ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၁၃ ဒသမ ၉၇၅ တန်၊ အမိုနီယမ်ကလိုရိုဒ်၂ ဒသမ ၃ တန်ကျော်နှင့် ဓာတုပစ္စည်း PROPIOPHENONE လီတာ ၁,၀၂၀ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။   

လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဩဂုတ် ၁၃ ရက် မွန်းလွဲ ၂ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ ရတနာပုံတံတားတွင် စစ်ကိုင်းဘက်မှ မန္တလေးဘက်သို့ မင်းမင်းဦးမောင်းနှင်ပြီး အောင်ဇော်ထွေး လိုက်ပါလာသည့်  NISSAN CANTER ခြောက်ဘီး မော်တော်ယာဉ်နှင့်  သက်ခိုင်ထွေး မောင်းနှင်ပြီး အောင်ဇေ လိုက်ပါလာသည့် NISSAN CANTER ခြောက်ဘီး မော်တော်ယာဉ် နှစ်စီးပေါ်မှ ပလတ်စတစ်ပီပါများဖြင့်ထည့်လျက် ဓာတုပစ္စည်း PROPIOPHENONE လီတာ ၁,၀၂၀ အားလည်းကောင်း၊ သတင်းကွင်းဆက်အရ ဩဂုတ် ၁၄ ရက် နံနက် ၈ နာရီတွင် အဆိုပါနေရာတွင် ထွန်းဘော်မောင်းနှင်ပြီး အောင်ကျော်ခန့် လိုက်ပါလာသည့် ၁၂ ဘီး မော်တော်ယာဉ်ပေါ်မှ ဆာလာအိတ်များဖြင့်ထည့်လျက် ထိန်းချုပ်ဓာတုပစ္စည်းများဖြစ်သည့် ကဖင်း ၃ ဒသမ ၉၇၅ တန်နှင့် အမိုနီယမ်ကလိုရိုဒ် ၂ ဒသမ ၃၅ တန် တို့ကိုလည်းကောင်း ဖမ်းဆီးရမိခဲ့သည်။

ဆက်လက်၍ ကွင်းဆက်ဖော်ထုတ်ချက်အရ ယင်းနေ့ညနေပိုင်းတွင် ထိန်းချုပ်ဓာတုပစ္စည်းများ တာဝန်ခံပို့ဆောင်ခိုင်းသူ မတင်တင်စု (ခ) စုမြ (ခ) မစု အား ကလေးမြို့၊ တောင်ဖီလာရပ်ကွက်၊ ငုရွှေဝါလမ်းရှိ ဂိုဒေါင်တွင် HINO ခြောက်ဘီးမော်တော်ယာဉ်ပေါ်မှ ဆာလာအိတ်များဖြင့်ထည့်လျက် ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၅ ဒသမ ၅ တန် နှင့်လည်းကောင်း၊  ဩဂုတ် ၁၆ ရက်တွင် လွှမ်းမိုးနှင့် ကိုမျိုးတို့ နှစ်ဦးကို ကလေးမြို့၊ မြို့လှရပ်ကွက်နှင့် တောင်ဇလပ်ရပ်ကွက်တို့တွင် ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၄ ဒသမ ၅ တန်၊ CANTER ခြောက်ဘီး မော်တော်ယာဉ်တစ်စီး၊ မှန်လုံယာဉ်တစ်စီးတို့နှင့်လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်း ဒေသကာလ တန်ဖိုးငွေကျပ် ၄ ဒသမ ၂ ဘီလီယံကျော် တန်ဖိုးရှိ ဓာတုပစ္စည်း PROPIOPHENONE လီတာ ၁,၀၂၀၊  ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၁၃ ဒသမ ၉၇၅ တန်နှင့် အမိုနီယမ်ကလိုရိုဒ် ၂ ဒသမ ၃ တန်ကျော် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ ထိန်းချုပ်ဓာတု ပစ္စည်းများနှင့် အခြားဓာတု ပစ္စည်းများအား မြန်မာ-အိန္ဒိယနယ်စပ်မှ ကလေးမြို့သို့ သယ်ဆောင်ပြီး မန္တလေးတိုင်းဒေသကြီးမှတစ်ဆင့် မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင် အသုံးပြုရန် ရှမ်းပြည်နယ်သို့ တရားမဝင် သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူ ထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း  သိရသည်။

သတင်းစဉ်