စစ်ကိုင်း ဧပြီ ၂၁

 

စစ်ကိုင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှကြီးမှူး၍ ဗေဒါရွက်များဖြင့် သဘာဝမြေဆွေးပုံ ပြုလုပ်သုံး စွဲနည်း လက်တွေ့သရုပ်ပြသခြင်းကို ယနေ့ နံနက် ၉ နာရီက ကုန်ရွာကျေးရွာ တောင်သူ ဦးဇော်လင်း၏ လယ်လုပ်ကွက်တဲတွင် ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။

 

ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးက သဘာဝမြေဩဇာ ပြုလုပ်သုံးစွဲခြင်းဖြင့် စိုက်ပျိုးမြေ၏ ဂုဏ်သတ္တိ ကောင်းမွန်လာခြင်းကြောင့် ဓာတုမြေဩဇာများ လျော့ချသုံးစွဲလာနိုင်ခြင်း၊ မြေအစိုဓာတ်ကို ရေရှည်ထိန်းသိမ်းနိုင်ခြင်း၊ ပေါင်းမြက်ကင်းရှင်း၍ ပေါင်းသတ်ဆေးလျောချနိုင်ခြင်း၊ သီးနှံပင်၏ ကြံ့ခိုင်မှု ပိုမိုကောင်းမွန်သောကြောင့်   ပိုးမွှားကျရောက်မှုနှင့် ရာသီဥတုဒဏ်ခံနိုင်ခြင်း၊ ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်ကို အားပေးသော မှန်လုံဓာတ်ငွေ့ထုတ်လွှင့်မှုကို လျော့ပါးစေခြင်း၊ သွင်းအားစုများ ဈေးနှုန်းမြင့်မားသော်လည်း ကုန်ကျစရိတ်သာ ပြီးစိုက်ပျိုးထုတ်လုပ်မှု တိုးတက်ကောင်းမွန်ခြင်း၊ အစားအစာ ဘေးအန္တရာယ်ကင်းရှင်းသည့် စိုက်ပျိုးရေးထုတ်ကုန်များရရှိစေရန် ရည်ရွယ်ပြီး ကွင်းသရုပ်ပြပွဲပြုလုပ်ရခြင်းဖြစ်ကြောင်း စသည်ဖြင့် ဆွေးနွေးပေးခဲ့ကာ မြေဆွေးပုံပြုလုပ်နည်း အဆင့်ဆင့်တို့ကို လက်တွေ့ပြသပေးခဲ့သည်။

 

အဆိုပါကွင်းသရုပ်ပြပွဲသို့ ခရိုင်/ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူးများ၊ ဝန်ထမ်းများ၊ သက်ဆိုင်ရာ တိုက်နယ် နည်းပညာပြန့်ပွားရေးစင်တာများမှ စိုက်ပညာရှင်များ၊ ကျေးရွာတောင်သူများ တက်ရောက်ခဲ့ကြပြီး လက်တွေ့ပြုလုပ်ခဲ့ကြကြောင်းသိရသည်။     

ဇော်မြင့်နိုင်(ပြန်/ဆက်)