စစ်ကိုင်း၊ ၁၃ ဒီဇင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့က စစ်ကိုင်းမြို့နယ်အား ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရန်အတွက် ဒေသန္တရအမိန့် ထုတ်ပြန်ထားခြင်းကို စစ်ကိုင်းခရိုင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ အစီအစဉ်ဖြင့် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာနိုင်ရန်အတွက် ဒီဇင်ဘာ ၁၃ ရက်နံနက်ပိုင်းက မြို့နယ်အတွင်း ပြည်သူအများ သိရှိနိုင်သည့်နေရာများတွင် အသိပညာပေးဗီနိုင်းများကို ချိတ်ဆွဲပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဗီနိုင်းများကို စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးမှူး ဦးအောင်အောင်ထွေးနှင့် ဝန်ထမ်းများက ပညာဒါနသင်တန်းမှ စေတနာ့ဝန်များနှင့် ပူးပေါင်းကာ စစ်ကိုင်းခရိုင် ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စစ်ကိုင်းမြို့အဝင် စစ်ဆေးဂိတ်နှင့် အဆင်းလမ်း၊ စစ်ကိုင်းမြို့အဝိုင်းပတ်၊ ဗိုလ်ချုပ်ပန်းခြံရှေ့၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ (၃) ဖွဲ့ မှ သွားလာမှုစောင့်ကြည့် စစ်ဆေးရေးဂိတ်များထားရှိသည့် ရွာထောင်ရပ်ကွက်၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆံရေး ရုံးရှေ့နှင့် သုခကာရီ ကျန်းမာရေးနှင့် လူမှုကူညီရေးအသင်းရုံးရှေ့ နေရာများတွင် ပြည်သူများ ဖတ်ရှုလေ့လာလိုက်နာနိုင်ရန် ချိတ်ဆွဲကပ်ထားပေးခဲ့ကြကြောင်း သိရသည်။
မျိုးဝင်း(ပြန်/ဆက်)


