စစ်ကိုင်းမြို့နယ်တွင်  ဒေသထွက်  နှမ်းပေါ်ချိန်   အရောင်းအဝယ်ဖြစ်နေသော်လည်း တောင်သူအကျိုးအမြတ်နည်း

စစ်ကိုင်း၊   ၂   ဒီဇင်ဘာ

 

စစ်ကိုင်းမြို့နယ်တွင် ဒေသထွက်နှမ်းပေါ်ချိန် အရောင်းအဝယ်ဖြစ်နေသော်လည်း အထွက်နှုန်းနည်းခဲ့ပြီး ယမန်နှစ်ကထက် အဖွင့်ဈေးနှုန်းကျဆင်းခဲ့သဖြင့် တောင်သူများရရှိမှု အကျိုးအမြတ်နည်းခဲ့ကြောင်း ကုန်အဝယ်ဒိုင်သို့ နှမ်းလာရောက်ရောင်းချသည့် တောင်သူများထံမှ  သိရသည်။   

 

နှမ်းဖြူနှင့် နှမ်းအနက် နှစ်မျိုးကို စိုက်ပျိုးကြသည့်အနက် နှမ်းအနက်မှာ ဈေးကွက်တွင် နှမ်းဖြူထက် ဈေးနှုန်းပိုရသဖြင့် အစိုက်များကြောင်း ယခုနှစ် အထွက်နှုန်းနည်းရခြင်းမှာ နှမ်းစိုက်ပြီး အပွင့်သိမ်းချိန် မိုးမရရှိသဖြင့် အထွက်နှုန်းနည်းခဲ့ကြောင်း၊ ကနဦးဈေးကွက်မှာလည်း ဈေးနှုန်းက ယမန်နှစ်က နှမ်း အနက်တစ်တင်းကို ခြောက်သောင်းကျပ်မှစ၍ သန့်စင်မှုအပေါ် မူတည်ကာ ဈေးနှုန်းပေးကြောင်း၊ ယခုနှစ် ကနဦးအဖွင့်ဈေးမှာ နှမ်းအနက် တစ်တင်းကို ငါးသောင်းကျပ် အထက်၊ နှမ်းဖြူတစ်တင်းဈေးမှာ လေးသောင်းကျပ်အထက် အရောင်းအဝယ်စဖြစ်ခဲ့သည်။

 

ယခုရက်ပိုင်းတွင် ဈေးနှုန်းမြင့်တက်၍  အရောင်းအဝယ်ဖြစ်နေသော်လည်း တောင်သူအနေဖြင့် မိုးကိုမျှော်ကာစိုက်ပျိုးရသဖြင့် အပွင့်သိမ်းမိုး(၁၅)ရက်ခန့် နောက်ကျကာ နှမ်းအထွက်နှုန်းနည်းခဲ့ပြီး အကျိုးအမြတ်နည်းခဲ့ကြောင်း စာရေးကျေးရွာ(နောက်)မှ တောင်သူ ဦးမြင့်ထွန်းက ပြောသည်။ 

                                                           

မျိုးဝင်း(ပြန်/ဆက်)