စစ်ကိုင်း ၉ ဇူလိုင်

 

စစ်ကိုင်းမြို့ပေါ်ရပ်ကွက်များတွင် ဆင်ခြေထောက်ရောဂါ ကင်းဝေးစေရေးအတွက် နယ်မြေ ကွင်းဆင်း၍ ကာကွယ်ဆေးများတိုက်ကျွေးခြင်းအား ဇူလိုင်(၈)ရက်ညနေ (၄)နာရီက မြို့ပေါ်ရပ်ကွက်များဖြစ်သည့် မိုးဇာရပ်ကွက်နှင့် ထုံးဘိုရပ်ကွက်များရှိ ပြည်သူများကို စတင်တိုက်ကျွေးခဲ့ကြောင်း သိရသည်။

 

အဆိုပါဆေးများ နယ်မြေကွင်းဆင်းတိုက်ကျွေးရာတွင် စစ်ကိုင်းခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဒေါက်တာ ဝင်းလှိုင်ဖြိုးနှင့် သားဖွားဆရာမ(၂)ဦး၊ ပညာဒါနမှ စေတနာဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့်ပူးပေါင်းကာ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်ရပ်မိ၊ ရပ်ဖများ၊ ဒေသ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၏အကူအညီများဖြင့် ထုံးဘိုရပ်ကွက်အတွင်းရှိပြည်သူ(၂၃၀ဝ)ဦး တို့အား လည်းကောင်း၊ အလားတူ မိုးဇာရပ်ကွက်ရှိပြည်သူ(၂၉၉၂)ဦး တိုအား ခရိုင်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန၊ မိခင်နှင့် ကလေးကျန်းမာရေးဌာနမှ အမျိုးသမီး ဆရာမ ဒေါ်တင်မြင့်ဦး နှင့် သားဖွားဆရာမ (၃)ဦးတို့သည် ပညာဒါနမှ စေတနာ့ဝန်ထမ်းများ၊ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ ဝင်များနှင့်ပူးပေါင်းကာ ဆင်ခြေထောက်ရောဂါ ကင်းဝေးစေရန်အတွက် တစ်အိမ်တက်ဆင်း ကျန်းမာရေးအသိပညာပေး လက်ကမ်းစာစောင်များ  ဖြန့်ဝေပေးကာ အသက်(၂)နှစ်မှ(၅) နှစ်အထိကလေးများကို သန်ချဆေး တစ်ပြားနှင့်ဆင်ခြေထောက်ရောဂါ ကာကွယ်ဆေး(၁)ပြား၊ အသက်(၆)နှစ်မှ (၁၄)နှစ်ရှိသူများကို သန်ချဆေး တစ်ပြားနှင့် ဆင်ခြေထောက်ရောဂါ ကာကွယ်ဆေး(၂)ပြား၊ အသက်(၁၅) နှစ်အထက် ရှိသူများကို သန်ချဆေးတစ်ပြားနှင့်ဆင်ခြေထောက်ရောဂါ ကာကွယ်ဆေး (၃)ပြား တိုက်ကျွေးပေးခြင်း ကိုယ်ဝန်ဆောင်မိခင်များ၊ အခြား ရောဂါတစ်ခုခုကို ခံစားနေရသူများမှအပ မြို့နယ်အတွင်းရှိ ရပ်ကွက်များနှင့်ကျေးရွာများရှိ ပြည်သူများကို ကာကွယ်ဆေးများတိုက်ကျွေးခဲ့ကြသည်။ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ စီမံချက်များချမှတ်ကာ ဇူလိုင်(၈)ရက်မှ ဇူလိုင် (၁၅)ရက်အတွင်း မြို့ပေါ်ရပ်ကွက်များဖြစ်သည့် ဧမြဝတီ၊ မင်းလမ်း၊ စိန်ကုန်း၊ တကောင်း၊ နန္ဒဝန်၊ ဒါးဝယ်ဈေး၊ ပိုးတန်း၊ မြို့သစ်၊ ပါရမီ၊ ပန်းဘဲတန်း၊ ရွာထောင်ရပ်ကွက်များသို့  နယ်မြေကွင်း၍ ဆင်ခြေထောက်ရောဂါ ကာကွယ်ဆေးများကို ဆက်လက်တိုက်ကျွေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

မျိုးဝင်း(ပြန်/ဆက်)