စစ်ကိုင်း ၁၂ နိုဝင်ဘာ
စစ်ကိုင်းမြို့သည် ထင်ရှားသော သမိုင်းဝင်မြို့တစ်မြို့ဖြစ်ပြီး စိတ်ဝင်စားဖွယ်ရာများစွာဖြင့် လှပသော မြို့တစ်မြို့ပင်ဖြစ်သည်။ သမိုင်းပြောင်မညှိုး စစ်ကိုင်းတော်တော်ရိုး ဟုပင် တင်စားဖွဲ့ဆိုထားကြသည်။ ရှေးခေတ်အခါကပင် စစ်ကိုင်းမြို့သည် ဗျာဒိတ်ရနယ်မြေအဖြစ် ထင်ရှားခဲ့သည်။ စစ်ကိုင်းအစပန်းရမှဟု အစချီထားသည့်အတိုင်း စစ်ကိုင်းဒေသသည် အောင်မြေအဖြစ် လူသိများသည်။ လူသိများသော စစ်ကိုင်းသည် ခေတ်အဆက်ဆက် ရာဇဝင်တွင်စေသော ဖြစ်ရပ်များစွာ ရှိခဲ့သော မြို့ပင်ဖြစ်သည်။ ရှေးခေတ်က စစ်ကိုင်း၊ ရတနာပုံခေတ်က စစ်ကိုင်း၊ ကိုလိုနီခေတ်က စစ်ကိုင်း၊ ယခုမြင်တွေ့နေရသော စစ်ကိုင်းအဖြစ် ဧရာဝတီမြစ်ကမ်းနဘေးတွင် သမိုင်းတွင်စေသော အကြောင်းအရာများစွာဖြင့် ထုံမွှမ်းထားသော မြို့တစ်မြို့ပင် ဖြစ်သည်။
ရှေးခေတ်ကတည်းက ခေါ်ဝေါ်လာခဲ့သည့် ချောင်ဆိုသော အသုံးအနှုန်းများနှင့်အတူ ချောင်များစွာ တရားအားထုတ်ရာ ကျောင်းတိုက်များစွာတည်ရှိပြီး သမိုင်းဝင် တန်ခိုးကြီး ဘုရားများစွာကို ဖူးမြော်နိုင်သော နေရာပင်ဖြစ်သည်။ မြန်မာ့စက်မှုလုပ်ငန်း ရှေ့ဆောင် ကနောင်မင်းသားကြီးတို့ တည်ထောင်ကြိုးပမ်းခဲ့သော သံချက်ဖိုကြီးနှင့်အတူ အစေခံ ခံတပ်၊ အင်းဝခေတ် နံရံဆေးရေးပန်းချီများ၊ သမိုင်းဝင်စေတီပုထိုးများစွာဖြင့် ထင်ရှားသောနေရာများစွာကို လေ့လာနိုင်သည်။ ဧရာဝတီမြစ်၏ ကမ်းနှစ်ဖက်ကို ကမ်းလက်များဖြင့် ဆက်သွယ်ပေးထားသော တံတားညီနောင် မြစ်ညီမဟု တင်စားနိုင်သည့် ဧရာဝတီတံတား၊ ရတနာပုံတံတား၊ မြစ်ငယ်မြစ်နှင့် ဧရာဝတီမြစ်တို့စုံရာ အလှဝေဖြာသော နေရာတစ်ခုပင်ဖြစ်သည်။
စစ်ကိုင်းမြို့ရှိ ဖူးမြော်စရာ စေတီများစွာထဲတွင် ထူပါရုံစေတီလည်း ပါဝင်သည်။ ထူပါရုံစေတီသည် စစ်ကိုင်းမြို့၊ ပိုးတန်းတိုက်၊ ဆန်တန်းရပ်၊ ဧရာဝတီမြစ်ကမ်းအနီးတွင် တည်ရှိသော စေတီပင်ဖြစ်သည်။ စေတီတော်ကြီးကို သက္ကရာဇ် ၈၀၄ တွင် နန်းတက်သော အင်း၀ နရပတိမင်းက သက္ကရာဇ် ၈၀၆ တွင် ဓါတ်တော်မွေတော်များ ဌာပနာကာ တည်ထားခဲ့ပြီး သက္ကရာဇ် ၈၀၉ တွင် ထီးတော်တင်လှူပွဲ ကျင်းပနိုင်ခဲ့သည်။
ထူပါရုံစေတီတော်မှာ ဉာဏ်တော် ၁၆၂ ပေရှိပြီး ဘုရားပွဲတော်ကို နှစ်စဉ် တော်သလင်းလပြည့်ကျော် (၈)ရက်နေ့တွင် ကျင်းပလေ့ရှိသည်။ စေတီစတင်တည်ထားခဲ့စဉ်က ဘုရားပွဲကို လင်းဇင်း၊ ယိုးဒယား၊ သီဟိုဠ်နှင့် တရုတ်ပြည်မှ လူများပါလာ ရောက်ခဲ့သည်ဟု ဆိုထားသည်။
သက္ကရာဇ် ၁၂၁၁ တွင် ပုဂံမင်းက ပြန်လည်ပြုပြင်သော်လည်း အပြီးမသတ်နိုင်သော စေတီပင်ဖြစ်သည်။ သက္ကရာဇ် ၁၃၃၀ တွင် ဒီပါအေးမြဆရာတော် အမှူးပြုသော တပည့်ဒါယကာ ဒါယိကာမများက ပြုပြင်ခဲ့ရာ ၁၃၃၃ တွင် ပြီးစီးခဲ့သည်။ ယခုအခါတွင် သီတဂူဆရာတော် အရှင်ဉာဏိဿရ အထွေထွေ စံမံညွှန်ကြားတော်မူကာ ဗိသုကာပညာရှင် တမ္ပဝတီဦးဝင်မောင်၊ အင်ဂျင်နီယာ တမ္ပဝတီ ကိုချိုဇော်မင်း၊ စာရင်းအင်းနှင့် စီမံအုပ်ချုပ်သူ သီတဂူကိုစိုးဝင်း၊ ပန်းရံဆရာ ဝါးချက်ဦးလွန်းမောင်၊ စိန်ဖူးတော် သီရိရွှေစင်ပန်းတိမ်အဖွဲ့၊ ရွှေထီးတော် တမ္ပဝတီဦးမောင်မော်၊ ငှက်မြက်နားတော် ဦးစံကြည်နှင့်အဖွဲ့ အပါအဝင် အခြားပညာရှင်များစွာ၏ လက်ရာများဖြင့် ကြည်ညိုဖွယ် ဖူးမြော်နိုင်ပြီဖြစ်သည်။
တိမ်တမန်


