စစ်ကိုင်း  ၃  စက်တင်ဘာ

စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ရွေ့လျားစာကြည့်တိုက်တို့ ပူးပေါင်း၍ ယနေ့ နံနက် ၁၀ နာရီခွဲက စစ်ကိုင်းမြို့ရှိ အခြေခံပညာကျောင်းများသို့ သုတ၊ ရသ စာအုပ်များ လက်ဝယ်အရောက် အခမဲ့ ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။

 

m2

 

စစ်ကိုင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ကျေးရွာများရှိ ကျောင်းသား ကျောင်းသူများ၊ ရပ်ကွက်/ကျေးရွာ ပြည်သူများ စာဖတ်သည့် အလေ့အထကောင်းများ ရရှိနိုင်စေရန်၊ စာဖတ်ခြင်းဖြင့် ပညာဗဟုသုတ များစွာရရှိပြီး အမှား/အမှန် ဝေဖန်ပိုင်းခြားကာ လုပ်ငန်းဆောင်ရွက်မှုများတွင် အသုံးချဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ စစ်ကိုင်းမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းရှိ ကျောင်းသား ကျောင်းသူများအား အခမဲ့ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

“ကျွန်မတို့ ရွေ့လျားစာကြည့်တိုက်အနေဖြင့် အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ ရပ်ကွက်/ကျေးရွာများနှင့် အခြေခံပညာကျောင်းတွေကို စာအုပ်များ လှည့်လည်ငှားရမ်းပေးပြီး နှစ်ပတ်တစ်ကြိမ် စာအုပ်အသစ်များဖြင့် လဲလှယ်ပေးကာ အခမဲ့ ငှားရမ်းပေးပါတယ်၊ အဓိကတော့ ကျောင်းသား ကျောင်းသူ လူငယ်တွေ၊ ကျေးရွာပြည်သူတွေ စာဖတ်ခြင်းဖြင့် ပညာဗဟုသုတများ ရရှိနိုင်စေရန်အတွက် ဖြစ်ပါတယ်” ဟု ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း(စစ်ကိုင်း) တာဝန်ခံ ဒေါ်ဇူဇူအောင်က ပြောသည်။

အလားတူ အဆိုပါ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် မွန်းလွဲ ၁ နာရီက စစ်ကိုင်းမြို့ ပိုးတန်းရပ်ကွက်ရှိ အမှတ်(၁) အခြေခံပညာ မူလတန်းကျောင်းရှိ ကျောင်းသား ကျောင်းသူများကို စာအုပ်များ အခမဲ့ ငှားရမ်းပေးခဲ့ကြောင်း ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။

MDN