စစ်ကိုင်း ၂၈ မတ်
စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့ အတွင်းရှိ သမိုင်းဝင် တန်းခိုးကြီးဘုရား စေတီပုထိုးများ တည်ရှိရာ နေရာများ၊ အထင်ကရ နေရာများသို့ လာရောက်လည်ပတ်မည့် ပြည်တွင်း၊ ပြည်ပ ခရီးသွားများ သွားလာလွယ်ကူစေရန် ခရီးသွား လမ်းညွှန်မြေပုံ ဆိုင်းဘုတ်များ တပ်ဆင်မည်ဖြစ်ကြောင်း စစ်ကိုင်းမြို့နယ်စည်ပင် သာယာရေး ကော်မတီမှ သိရသည်။
"ယခုအခါမှာ စစ်ကိုင်းတိုင်း ဒေသကြီး အတွင်း ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရန် တိုင်းဒေသကြီး အစိုးရ အဖွဲ့က အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ပြည်တွင်း၊ပြည်ပ ခရီးသွားတွေ စစ်ကိုင်းမြို့ကို ဝင်လိုက်တာနဲ့ စစ်ကိုင်းမြို့အတွင်းမှာ လည်ပတ်ကြည့်ရှု့နိုင်မယ့် နေရာလေးတွေ ပါရှိမယ့် ၈ ပေ၊ ၄ ပေ အရွယ်ရှိ လမ်းညွန့်မြေပုံ ဆိုင်းဘုတ်ကြီး စုစုပေါင်း ၅ ခု စိုက်ထူသွားမယ် ပြီးတော့ ခရီးသွား လမ်းညွန် ဆိုင်းဘုတ် အသေးလေးတွေ ၁၇ ခု လုပ်ပြီး အချက်အချာ ကြမယ့် နေရာလေးတွေမှာ စိုက်ထူးသွားမယ်။" ဟု စစ်ကိုင်း မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးဝင်းနိုင်က ပြောသည်။
စစ်ကိုင်းမြို့သို့ မဝင်ခင် ရတနာပုံတံတား နှာပေါက်ထိပ် (ဒေသအခေါ်) နေရာတွင် စစ်ကိုင်းမြို့အတွင်းရှိ သွားရောက်လည်ပတ်ကြည့်ရှု့နိုင်မယ် နေရာများပါရှိမယ့် ၈ ပေ ၄ ပေ အရွယ်ရှိ ခရီးသွား လမ်းညွန်မြေပုံ တစ်ခု စိုက်ထူသွားမည်ဖြစ်ပြီး ထို့အတူ အင်းဝ (စစ်ကိုင်း)တံတား မန္တလေး ဘက်ခြမ်းတွင်လည်း ၈ ပေ ၄ ပေ အရွယ်ရှိ ခရီးသွား လမ်းညွန်မြေပုံ တစ်ခု စိုက်ထူသွားမည် ဖြစ်ကြောင်းနှင့် ကျန်ရှိ ခရီးသွား လမ်းညွန်မြေပုံများနှင့် ခရီးသွားလမ်းညွန် ဆိုင်းဘုတ်များကို စစ်ကိုင်းမြို့ အတွင်းရှိ အချက်အချာ ကြသည့် နေရာများတွင် စိုက်ထူသွားမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောပြသည်။
ထို့အပြင် စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း ပြည်တွင်း ပြည်ပ ခရီးသွားများ သွားလာ လည်ပတ်မှု များသည့် နေရာများတွင် အဆင်မြင့် သန့်စင်ခန်းများ တည်ဆောက်သွားမည်ဖြစ်ကြောင်းနှင့် အဝေးပြေး လမ်းမများ၌ ရောင်းချနေသည့် စက်သုံးဆီ ရောင်း သည့် လုပ်ငန်းရှင်များနှင့် ပူးပေါင်းပြီး စက်သုံးဆီ အရောင်းဆိုင်များတွင် ဝင်ရောက် ကိုယ်လက်သန့်စင်ခြင်းများ ပြုလုပ်နိုင်ရန် အိမ်သာပါသည့် နားနေခန်းများလည်း လုပ်ဆောင်နေပြီ ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီးဌာနက သိရသည်။
ကိုမင်း(အင်းတော်)