စစ်ကိုင်းမြို့တွင် အခြေခံစာတတ်မြောက်ရေးသင်တန်း ဆက်လက်သင်ကြားပေးလျက်ရှိ

စစ်ကိုင်း မေ ၈

 

ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများအားလုံး ပညာရည်မြင့်မားပြီး အရေး၊ အဖတ်၊ အတွက်၊ အချက် တတ်ကျွမ်းစေရန်၊ စာမတတ်သူပပျောက်ရေး၊ ရပ်ရွာအတွင်းရှိ အကြောင်းအမျိုးမျိုးကြောင့် စာမသင်ကြားခဲ့ရသူများအား ပညာရေးနှင့် ရင်းနှီးကျွမ်းဝင်ပြီး စာတတ်မြောက်ရေး မြှင့်တင်နိုင်ရန် အခြေခံစာတတ်မြောက်ရေး စာသင်ဝိုင်းများကို တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်များအလိုက် ဖွင့်လှစ်သင်ကြားလျက်ရှိရာ စစ်ကိုင်းမြို့တွင်လည်း ယနေ့အချိန်ထိ ဆက်လက်သင်ကြား ပေးလျက်ရှိကြောင်း သိရသည်။

 

အဆိုပါ အခြေခံစာတတ်မြောက်ရေးသင်တန်း စာသင်ဝိုင်းများသို့ စစ်ကိုင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာမောင်စိုးနှင့် အဖွဲ့ဝင်များ၊ ပညာရေးဌာနမှ တာဝန်ရှိသူများက ယမန်နေ့ မွန်းလွဲ ၃ နာရီက လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး လိုအပ်သည်များ စီမံဆောင်ရွက်ပေးခဲ့ကြသည်။

 

စစ်ကိုင်းမြို့နယ်၌ ရပ်ကွက်ပေါင်း (၂၃)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၃)စုတွင် စာသင်ဝိုင်း (၄၆)ဝိုင်းဖြင့် ရက်ပေါင်း(၄၀) သင်ကြားသွားမည်ဖြစ်ပြီး သင်တန်းများသို့ ပြည်သူ ၆၇၄ ဦး တက်ရောက်လျက်ရှိကြောင်း ခရိုင်ပညာရေးမှူး စာရင်းများအရ သိရသည်။

           

ဇော်မြင့်နိုင်