စစ်ကိုင်း  ၃၁  ဇန်နဝါရီ

 

(၇၃) နှစ်မြောက် ပြည်ထောင်စုနေ့ အကြို၊အကြိမ် ၂၀ မြောက် စစ်ကိုင်းမြို့၊မီးရထားရပ်ကွက် အုပ်ချုပ်ရေးမှူး ဖလား အသက် ၄၀ နှင့် အထက်ဘောလုံးပြိုင်ပွဲ၏  ဗိုလ်လုပွဲစဉ်ကို ယနေ့ ညနေ့ပိုင်း အချိန်က မီးရထားရပ်ကွက် ဒီဇယ်စက်ရုံ ဘောလုံးကွင်းအတွင်း ကျင်းပပြုလုပ်ခဲ့ကြောင်း ပြိုင်ပွဲ ကျင်းပရေး ကော်မတီမှ သိရသည်။

 

အဆိုပါ အသက် ၄၀ နှင့် အထက် ဘောလုံးပြိုင်ပွဲကို  စစ်ကိုင်းမြို့၊မန္တလေးမြို့တို့မှ စုစုပေါင်း ဘောလုံး အသင်း ၆ သင်း ပါဝင်ယှဉ်ပြိုင်ကစားကြပြီးပြိုင်ပွဲကို  ဇန်နဝါရီလ ၂၀ ရက်နေ့မှ စတင်၍  မီးရထား ရပ်ကွက် ဒီဇယ်စက်ရုံ ဘောလုံးကွင်းအတွင်း စတင်ကျင်းပခဲ့ရာ ယနေ့တွင် ပြိုင်ပွဲ၏ နောက်ဆုံး ပွဲစဉ်ဖြစ်သည့် ဗိုလ်လုပွဲစဉ်ကို ကျင်းပခဲ့ကြောင်း ပြိုင်ပွဲကျင်းပရေး ကော်မတီဝင် ဦးစိုးဝင်းကပြောသည်။

 

'' ဘောလုံးသမားဟောင်းကြီးတွေ  ပြန်လည်ဆုံဆည်းဖို့ မိတ်သစ်တွေရ ရှိဖို့အတွက်ရယ် ဘောလုံးပွဲ ကျင်းပတဲ့အတွက်  အသက် ၄၀ နှစ်အထက် ဘောလုံးသမားကြီးတွေ ကျန်းမာသန်စွမ်း စိတ်အားထက်သန်ပြီး ငယ်မူ၊ငယ်သွေးတွေ ပြန်လည်ရရှိစေဖို့ ဦးတည်ပြီး ကျင်းပခြင်းဖြစ်ပါတယ်၊ ''ဟု ၎င်းကပြောသည်။

 

ပြိုင်ပွဲဝင် အသင်း ၆ သင်းအား အုပ်စု  (၂)အုပ်စု ခွဲ၍ တစ်အုပ်စုလျှင် ၃ သင်းဖြင့် ယှဉ်ပြိုင် ကစားခဲ့ကြကြောင်း၊ ယနေ့ ဗိုလ်လုပွဲစဉ်တွင် မန်စီးတီး  ဘောလုံးအသင်း နှင့် စပါးဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ စပါးဘောလုံးအသင်းမှ  မန်စီးတီးဘောလုံးအသင်းကို ၄ ဂိုး ပြတ်ဖြင့် အနိုင်ရ ဗိုလ်စွဲခဲ့ကြောင်း နှင့် ပထမရရှိသည့် စပါးဘောလုံးအသင်းကို  ပြိုင်ပွဲကျင်းပရေး ကော်မတီမှ ပထမတံခွန်စိုက် ဆုဖလားနှင့်အတူ ငွေကျပ်သုံးသောင်း အားကစားဝတ်စုံများ၊ ဒုတိယဆုရ မန်စီးတီး ဘောလုံးအသင်းကို ဒုတိယဆုဖလားနှင့်အတူ ငွေကျပ်နှစ်သောင်း အားကစားဝတ်စုံများ ဆုချီးမြှင့်ခဲ့သည့်အပြင် ပွဲစဉ်တစ်လျောက် ရှေ့တန်းအကောင်းဆုံးဆု၊ အလယ်တန်းအကောင်းဆုံးဆု၊ နောက်တန်းအကောင်းဆုံးဆု၊ အသက်ကြီးဆုံး အားကစားသမားဆု နှစ်ဆု တို့ကို ချီးမြှင့် ပေးအပ်ခဲ့ကြောင်းနှင့် ပွဲလာကြည့် ပရိတ်သတ်များကို အားကစား အဝတ်အထည်များ၊ အမျိုးသမီးဝတ် အထည်စများ ကံစမ်းမဲဖောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

 

တင်မောင်(မန်းကိုယ်ပွား)