စစ်ကိုင်း ဇူလိုင် ၂၄

 

စစ်ကိုင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာများ နေ့စဉ်တိုးပွားလာသည့်အတွက် ရောဂါပိုးတွေ့ လူနာများ အဆင်သင့်ထားရှိနိုင်ရန် ကုသရေးစင်တာများနှင့် ထိစပ်သူ လူနာများ ထားရှိနိုင်ရန် အဆောက်အဦများ တိုးချဲ့ဆောင်ရွက်ထားရှိကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးထံမှ သိရသည်။

 

စစ်ကိုင်းမြို့နယ်မှာဆို ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာတွေ နေ့စဉ်တိုးပွားလာနေတာကို တွေ့ရပါတယ် ကိန်ဂဏန်းတွေပြောရရင်တော့ နေ့စဉ်ပြောင်းလဲနေမှာဖြစ်ပါတယ်အခုကျွန်တော်တို့ ခုတင်(၂၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးမှာ ဝင်ဆံ့ဦးရေ (၆၅) ဦး ကုသနိုင်ပါတယ်နှစ် (၇၀၀) ကွင်းမှာတော့ (၄၀) ဆားတောင်မြို့ဆေးရုံမှာ (၅၀) နဲ့ ယခုတိုးချဲ့ပြုပြင်ပြီးစီးသွားတဲ့ စစ်ကိုင်းပညာရေး ဒီဂရီကောလိပ်မှာရှိတဲ့ လေးထပ်ဆောင် ကျောင်းဆောင်သစ်ကြီးမှာ ဝင်ဆံ့ဦးရေ (၂၂၄) ဦး စုစုပေါင်း (၃၇၉) ဦး ထားရှိကုသပေးနိုင်အောင် စီမံဆောင်ရွက်ထားရှိပါတယ်ဒီလေးထပ်ကျောင်းဆောင်ကြီးမှာဆို ကိုဗစ်-၁၉ ရောဂါပိုး တွေ့လူနာတွေ လုံခြုံမှုရှိရေးနဲ့ အမြန်ဆက်သွယ်နိုင်အောင် CCTV ကင်မရာ (၂၂) လုံး တပ်ဆင်ထားပြီး လုံခြုံရေးအဖွဲ့များနှင့် သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများက နေ့စဉ်ကျန်းမာရေး စစ်ဆေးကုသ ပေးနေပါတယ်” ဟု မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာမောင်စိုးက ပြောသည်။

 

ပိုးတွေ့သူများနှင့် ထိစပ်လူနာ၊ သံသယလူနာများကို နှစ်(၇၀၀) ကွင်းတွင် (၆၀)၊ ဆားတောင် ကျေးလက်ဆေးခန်းတွင် (၃၀) အပြင် မြို့နယ်အတွင်း တိုက်နယ်ကျေးရွာ (၄၈) ရွာတွင်လည်း ထားနိုင်အောင် စီစဉ်ဆောင်ရွက်ခဲ့ပြီး စုစုပေါင်းဝင်ဆံ့ဦးရေ (၁၀၀၀)ကျော် ထားရှိနိုင်ခဲ့ကြောင်း ၎င်းကဆက်ပြောသည်။

 

“ပြည်သူတွေအနေနဲ့ အထူးမေတ္တာရပ်ခံချင်တာကတော့ အရမ်းကြီးစိုးရိမ်ပူပန်မှု မဖြစ်ကြဘဲ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အခါအားလျော်စွာ ထုတ်ပြန်ထားတဲ့ ကျန်းမာရေးလမ်းညွှန်ချက်တွေကို လိုက်နာကြပါ မိမိတို့နေအိမ်တွင် နေထိုင်ကြပြီး မဖြစ်မနေ ပြင်ပထွက်ရပါကလည်း နှာခေါင်းစည်း (Mask) များကို စနစ်တကျ တပ်ဆင်သွားလာကြပါ အပြင်ကပြန်လာတိုင်း ကိုယ်လက်သန့်စင်ပြီးမှ အိမ်သားများနှင့် ထိတွေ့ကြပါလို့ အထူးမေတ္တာရပ်ခံ ပြောကြားလိုပါတယ်ဟု ဦးကျော်စွာမောင်စိုးက ပြောသည်။

 

 

ဇော်မြင့်နိုင် (စစ်ကိုင်းခရိုင် ပြန်/ဆက်)