စစ်ကိုင်းမြို့တွင် လူငယ်တစ်ဦးအား အုပ်စုဖွဲ့ ဝိုင်းဝန်းရိုက်နှက် ဓားဖြင့်ထိုးခဲ့ရာတွင် ပါဝင်ခဲ့သည့် လူငယ်တစ်ဦးကို ထပ်မံဖမ်းဆီးရမိ

စစ်ကိုင်း  ၂၅   မေ 

 

စစ်ကိုင်းမြို့၊ ရွှေမင်းဝံရပ်ကွက်တွင် မေ ၂၂ ရက်နေ့ ည (၁၀) နာရီခွဲအချိန်ခန့်က လူငယ်တစ်ဦးအား အုပ်စုဖွဲ့ ဝိုင်းဝန်းရိုက်နှက်ဓားဖြင့် ထိုးခဲ့သရာတွင် ပါဝင်ခဲ့သည့် လူငယ်ငါးဦးကို ဖမ်းဆီးစစ်ဆေးခဲ့ပြီး မေ ၂၄ ရက်နေ့ တွင်  ပြစ်မှုကျူးလွန်ရာတွင် ပါဝင်ခဲ့သည့် လူငယ်တစ်ဦးကို ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း စစ်ကိုင်းမြို့မရဲစခန်းမှ သိရသည်။

 

စစ်ကိုင်းမြို့၊ ရွှေမင်းဝံရပ်ကွက်၊ (၃)လမ်းနေ ဦးတင်ထွန်း (၆၇)နှစ်သည်  ၎င်း၏အိမ်နှင့် မျက်နှာချင်းဆိုင် မလှလှဝင်း နေအိမ်အရှေ့၌ ရန်ဖြစ်နေသည့်အသံများကြားသဖြင့် သွားရောက်ကြည့်စဉ် သားဖြစ်သူ မျိုးမင်းသူ (၁၇)အား အမည်မသိလူများမှ ဝိုင်းဝန်းရိုက်နှက်နေသည်ကို တွေ့ရှိခဲ့ဖြင့် သားဖြစ်သူရှိရာသို့ သွားရောက်ရာ အမည်မသိလူများမှာ ထွက်ပြေးသွားခဲ့ပြီး သားဖြစ်သူတွင် ဒဏ်ရာများဖြင့်တွေ့ရှိခဲ့ပြီး သားဖြစ်သူအားမေးမြန်းရာ ဝိုင်းဝန်းရိုက်နှက်ဓားဖြင့်ထိုးသူမှာ ရွာထောင်ရပ်မှ မျောက်မနိုင် အဖွဲ့ဖြစ်ကြောင်းပြောပြခဲ့ကြောင်း ရဲမှုခင်းမှတ်တမ်းအရ သိရသည်။

 

ဝိုင်းဝန်းရိုက်နှက်ဓားဖြင့်ထိုးခံခဲ့ရသူ မျိုးမင်းသူအား အခင်းဖြစ်ပွားသည့်နေရာမှ စစ်ကိုင်းဆေးရုံသို့ သုခကာရီ လူမှုကူညီရေးယာဉ်နှင့်ပို့ဆောင်ခဲ့ပြီး ဒဏ်ရာအခြေအနေမှာ စိုးရိမ်ရသဖြင့် မန္တလေးဆေးရုံကြီးသို့ လွှဲပြောင်းကုသနေရကြောင်း ရဲမှုခင်းမှတ်တမ်းအရ သိရသည်။

 

ထိုသို့ အုပ်စုဖွဲ့ ဝိုင်းဝန်းရိုက်နှက်ဓားဖြင့်ထိုးသူ မျောက်မနိုင်အဖွဲ့အား မေ ၂၃ ရက် မနက်ပိုင်းအချိန်တွင် နယ်မြေခံရဲတပ်ဖွဲ့မှ လိုက်လံရှာဖွေဖမ်းဆီးခဲ့ရာ နံနက် ၁၁ နာရီခွဲတွင် ကောင်းမြတ်သန်း(ခ)မျောက်မနိုင် (၁၇)နှစ်၊(ဘ) ဦးမြင့်လွင်၊ရွာထောင် အောင်သာ ယာရပ်ကွက်၊ဇင်ကို(၁၉)နှစ် စိန်ကုန်းရပ်ကွက်၊ တိုးမြင့်ဝေဦး(၁၇)နှစ်ပြူကံရပ်ကွက်၊ဝင်းကျော်ထူး (၁၆)နှစ် ပန်းဘဲတန်းရပ်ကွက်၊ မဇင်မာအေး( ၁၉)နှစ် ရွှေမင်းဝံရပ်ကွက်၊စစ်ကိုင်းမြို့တို့အား ဖမ်းဆီးရမိခဲ့သည်။

 

ဖမ်းဆီးရမိခဲ့သည့် လူငယ်များကို စစ်ဆေးမေးမြန်းရာတွင်  ပြစ်မှုကျူးလွန်ရာတွင်  နေလင်းအောင်(ခ) ဘောဖြူ အသက် (၁၇) နှစ်  သာစည်ရပ်နေသူပါ ပါဝင်ကျူးလွန်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့်  အမှတ် (၂ )နယ်မြေရဲစခန်းမှ ခေတ္တစခန်းမှူး ဒုရဲအုပ် အေးသက်မောင်အဖွဲ့မှ သွားရောက်ရှာဖွေဖမ်းဆီးခဲ့ပြီး ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သော သက်သေခံဓားအား လိုက်လံပြသခိုင်းရာ ရွာထောင်ဈေးထောင့် ရှိ ထရန်စဖော်မာအနီး မြေကြီးအတွင်း ဝှက်ထားကြောင်း ပြသသဖြင့် သက်သေခံဓားအား သက်သေများရှေ့တွင် ရှာဖွေသိမ်းဆည်းခဲ့ကြောင်း သိရသည်။

 

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ လူငယ်တစ်ဦးအားဓားဖြင့်ဝိုင်းဝန်းထိုးကာ ဒဏ်ရာရရှိခြင်းဖြင့် ကောင်းမြတ်သန်း(ခ)မျောက်မနိုင်ပါ ခြောက်ဦးအား ဖမ်းဆီးစစ်ဆေးနေပြီး စစ်ကိုင်းမြို့မရဲစခန်းတွင် အမှုဖွင့်ဆောင်ရွက်နေကြောင်း သိရသည်။

 

ကိုမင်း(အင်းတော်)