စစ်ကိုင်း ၅ ဩဂုတ်
စစ်ကိုင်းမြို့တွင် နှစ်အလိုက် ဖမ်းဆီးရမိသော ပါဝါအိတ်ဇော/ စက်သံဆူညံ အိတ်ဇောများ ဖျက်ဆီးခြင်းကို ယနေ့ နံနက် ၉ နာရီက စစ်ကိုင်းမြို့ မြို့တော်ခန်းမအနီးတွင် လမ်းကြိတ်စက်ဖြင့် ဖျက်ဆီးခဲ့ကြကြောင်း သိရသည်။
အိတ်ဇောများ ဖျက်ဆီးခြင်းနှင့် ပတ်သက်၍ အမှတ်(၁၀၆)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး(စစ်ကိုင်း)မှ ဒုတိယရဲမှူး ဝင်းကိုကိုက “ကျွန်တော်တို့ ယာဉ်ထိန်းတပ်ဖွဲ့တွေအနေနဲ့ ပြည်သူတွေ ယာဉ်စည်းကမ်း/ လမ်းစည်းကမ်းတွေ လိုက်နာမှုရှိအောင် ပညာပေးကာလ ဆောင်ရွက်ပေးတယ်။ နောက် အရေးယူမှုတွေ ပြုလုပ်တယ်။ အခုလည်းပဲ ၂၀၁၉ ဧပြီ ၁၀ ရက်ကနေ ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၂၄ ရက်အထိ စီမံချက်နဲ့ ဖမ်းဆီးအရေးယူခဲ့တာဟာ ၂၀၁၉ ခုနှစ်မှာ မော်တော်ဆိုင်ကယ်အစီး(၇၇)စီး၊ ဒဏ်ငွေက ငွေကျပ် ၁၅၄၀၀၀၀၊ ၂၀၂၀ ပြည့်နှစ်မှာဆိုရင် မော်တော်ဆိုင်ကယ် အစီးပေါင်း(၈၃)စီး၊ ဒဏ်ငွေက ကျပ်(၁၃၄၀၀၀၀) ပါ၊ စုစုပေါင်းဒဏ်ငွေ(၂၈၈၀၀၀၀)ဖြစ်ပြီး အခုဖမ်းဆီးရမိတဲ့ အိတ်ဇော(၁၆၀)ကို အများပြည်သူများရှေ့မှာ ဖျက်ဆီးခဲ့တာပါ” ဟု ပြောသည်။
ဆူညံအိတ်ဇော ဖျက်ဆီးခြင်းအခမ်းအနားသို့ စစ်ကိုင်းမြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးကျော်ခိုင်ထွန်းနှင့် ဌာနဆိုင်ရာများ၊ မြို့မိ/ မြို့ဖအဖွဲ့နှင့် ရပ်ကွက်နေပြည်သူများ တက်ရောက်အားပေး ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဇော်မြင့်နိုင်(ခရိုင်ပြန်/ဆက်)