စစ်ကိုင်း ၉ ဩဂုတ်
အမှတ်(၁၀၆) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံး(စစ်ကိုင်း) မှ ကြီးမှူး၍ ပြည်သူများ ယာဉ်အန္တရာယ် ကင်းရှင်ရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ လိုက်နာနိုင်ရန်အတွက် ဩဂုတ်(၉)ရက်၊ နံနက်ပိုင်းက စစ်ကိုင်းမြို့၏ အချက်အခြာကြသည့် နေရာများတွင် မိုလ်ဘိုင်းယာဉ်ဖြင့် လှည့်လည်၍ အသိပညာပေး ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
"ကျွန်တော်တို့ ယာဉ်ထိန်းတပ်ဖွဲ့အနေနဲ့ ပြည်သူများ ယာဉ်အန္တရာယ် ကင်းရှင်ရေးနဲ့ ဖြစ်ပွားမှု အန္တရာယ် လျော့ကျနိုင်ရေးအတွက် မိုလ်ဘိုင်းယာဉ်ဖြင့် လှည့်လည်ပြီး အသိပညာပေး ဆောင်ရွက်ပေးနေတာပါ။ အဓိကကတော့ ဦးထုပ်မဆောင်းကြဘူး။ မီးပွိုင့်မှာ အဝင်/ အထွက် မမှန်ကြဘူး။ အဲဒီလိုစည်းကမ်း မလိုက်နာမှုတွေကြောင့် ယာဉ်အန္တရာယ်ဖြစ်ခဲ့တဲ့ မှတ်တမ်းဓာတ်ပုံတွေ နဲ့ မိုလ်ဘိုင်းယာဉ် အသုံးပြုကာ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိရအောင် လှည့်လည်ပြီး ပညာပေးဆောင်ရွက် ပေးတာပါ" ဟု အမှတ် (၁၀၆)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး(စစ်ကိုင်း)မှ ဒုတိယရဲမှူး ဝင်းကိုကို က ပြောသည်။
အဆိုပါ အသိပညာပေးဆောင်ရွက်ရာတွင် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေ(၂၀၂၀) အသိပညာပေး လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ရာ ယာဉ်မောင်းသူ/ ဆိုင်ကယ်စီးနင်းသူများ လိုက်နာရမည့်အချက်များ၊ သတိပြုရှောင်ရှားရမည့် အချက်များ၊ တားမြစ်ဥပဒေ များကို ချိုးဖောက်ပါက ကျခံရမည့် ပြစ်မှု/ ပြစ်ဒဏ်များနှင့် ယာဉ်တိုက်မှု ဖြစ်ပွားပါက ဆက်သွယ်ရမည့် တယ်လီဖုန်းနံပါတ်များကိုလည်း လက်ကမ်းစာစောင်တွင် ဖော်ပြပေးထားကြောင်း သိရသည်။
ဇော်မြင့်နိုင် ခရိုင်ပြန်/ဆက်