မုံရွာ ၂၀  ဇန်နဝါရီ 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းသို့ လာရောက်လည်ပတ်ကြမည့် ပြည်တွင်းပြည်ပခရီးသွားများနှင့် ရင်းနှီးမြှုပ်နှံလိုသူ လုပ်ငန်းရှင်များကို အထောက်အကူဖြစ်စေမည့် (Information Centre)တစ်ခုကို စစ်ကိုင်းမြို့၊ စစ်ကိုင်းခရိုင် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနရုံးဝင်းအတွင်း တည်ဆောက်လျက်ရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီးဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးအောင်သူဦး၏ ပြောကြားချက်အရ သိရသည်။

““အင်ဖော်မေးရှင်းစင်တာကနေ ပုံမှန်လုပ်နေတဲ့ လက်ကမ်းစာစောင်တွေ ဖြန့်ဝေပေးတာအပြင် ပြည်တွင်း ပြည်ပခရီးသွားတွေကို နည်းပညာတွေနဲ့ပေးမယ်၊ အခုကွန်ပျူတာဆော့ဝဲ နည်းပညာရှင်တွေနဲ့ တိုင်ပင်ပြီး နည်းပညာတွေနဲ့ သတင်းအချက်အလက်တွေကို ပေးနိုင်ဖို့စီစဉ်နေတယ်၊ ကိုယ်သိချင်တဲ့ သတင်းအချက်အလက်တွေ ကို မိုဘိုင်းဖုန်းတွေ၊ တက်ဘလက်တွေနဲ့ ရယူနိုင်ဖို့အတွက် လုပ်နေတယ်၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းကို လာရောက်လည်ပတ်ကြတဲ့ ခရီးသွားပြည်သူတွေအနေနဲ့ ကနဦးလေ့လာ လိုတဲ့အကြောင်းအရာတွေကို သိရှိချင်လို့ အင်ဖော်မေးရှင်းစင်တာကိုလှမ်းမေးရင်လည်း လိုအပ်တဲ့သတင်းအချက်အလက်တွေကို ပေးနိုင်မှာဖြစ်တယ်၊ ခရီးသွားတစ်ဦးအနေနဲ့ ကိုယ်သွားလိုတဲ့ခရီးစဉ် အကြောင်းကို သိလိုရင် ကျူအာကုတ်သော်လည်းကောင်း၊ ဝက်ဆိုက် အမည်ကိုရိုက်နှိပ်ပြီးတော့ရှာဖွေကြည့်ရှုပြီး သွားနိုင်အောင် အထိ စီစဉ်ပေးသွားမှာဖြစ်တယ်”” ဟု စစ်ကိုင်းတိုင်းဒေသကြီးဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးအောင်သူဦးက ပြောသည်။

ခရီးသွားလုပ်ငန်း( Information Centere )စင်တာအား စစ်ကိုင်းတိုင်းဒေသကြီးဟိုတယ်နှင့်ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဘတ်ဂျက်ဖြင့် အလျားပေ(၄၀) အနံပေ (၅၀) ရှိ အဆောက်အဦကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ တတိယပတ်အတွင်း စတင်ဆောက်လုပ်လျက်ရှိရာ (၁၀)ရာခိုင်နှုန်းပြီးစီးပြီ ဖြစ်ကြောင်းနှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။    

ဝင်းဦး(ဇေယျာတိုင်း)