စစ်ကိုင်း ၂ ဖေဖော်ဝါရီ
ကိုယ်ကာယကြံ့ခိုင်မှုနှင့် ကာယဗလဖွံ့ဖြိုးတိုးတက်ရေးအတွက် စစ်ကိုင်းခရိုင် ကာယဗလနှင့် ကာယကြံခိုင်မှု ကော်မတီမှဦးစီး၍ ပြည်ထောင်စုနေ့ အထိမ်းအမှတ် စစ်ကိုင်းမြို့ရှိ GYM ပေါင်းစုံ ကာယဗလပြိုင်ပွဲ ကျင်းပမည်ဖြစ်ကြောင်း အဆိုပါ ကော်မတီမှ သိရသည်။
ထို့သို့ ပြည်ထောင်စုနေ့ အထိမ်းအမှတ် စစ်ကိုင်းမြို့ရှိ GYM ပေါင်းစုံ ကာယဗလပြိုင်ပွဲ ကျင်းပနိုင်ရေးနှင့် စပ်လျဉ်း၍ ယနေ့နံနက်ပိုင်းအချိန်က စစ်ကိုင်းမြို့ရှိ ရွှေဟင်္သာခန်းမတွင် ကျင်းပရေးကော်မတီမှ တာဝန်ရှိသူများ ညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခဲ့ကြောင်းနှင့် ပြိုင်ပွဲကို ဖေဖော်ဝါရီလ ၉ ရက်နေ့ ၊ ညနေ့ ၄ နာရီမှစတင်၍ ရွှေဟင်္သာခန်းမ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း စစ်ကိုင်းခရိုင် ကာယဗလ နှင့် ကာယကြံခိုင်မှုကော်မတီဥက္ကဋ္ဌ ဦးဇော်ဝင်းက ပြောသည်။
''GYM ပေါင်းစုံ ကာယဗလပြိုင်ပွဲ မှာ Classic Physique ပြိုင်ပွဲ ရယ်၊ Man's Physique ပြိုင်ပွဲရယ်ဆိုပြီး ပြိုင်ပွဲ အမျိုးအစား နှစ်မျိုး ထည့်သွင်းကျင်းပသွားမှာပါ။ ပြီးတော့ လူငယ်၊ လူရွယ်တွေ စိတ်တက်ကြွလာအောင်ရယ် သက်ကြီးရွယ်အိုတွေ ကျန်းမာရေးနဲ့ ပတ်သက်ပြီး လှုပ်ရှားလာနိုင်အောင် သက်ကြီးကာယဗလ အလေးမ သရုပ်ပြကိုလည်း ထည့်သွင်းကျင်းပသွားမှာပါ။ စစ်ကိုင်းမြို့က GYM (၇)ခုက ပြိုင်ပွဲဝင်အားကစားသမား ၂၀ ဦးခန့် ပါဝင်ယှဉ်ပြိုင်ကြမှာပါ။ ဆုကြေးတွေအနေနဲ့ လတ်တလောလျာထားတာက ပြိုင်ပွဲအမျိူးအစား နှစ်မျိုးလုံးမှာ ပထမ ငွေကျပ် ၅ သောင်း၊ ဒုတိယ ငွေကျပ် သုံးသောင်း၊ တတိယကို နှစ်သောင်းရယ် ဆုဆွဲပြားတွေ။ ဆုတံဆိပ်တွေ ပေးအပ်ဖို့ စီမံထားပါတယ်။ သို့သော်လည်းငွေကြေးအပေါ်မူတည်ပြီး ဆုကြေးတွေကို တိုးမြှင့်ချီးမြှင့်ပေးဖို့ အတွက်လည်း စီစဉ်ထားပါတယ် "ဟု ၎င်း ကပြောသည်။
ကျန်းမာခြင်းသည် လာဘ်တပါးဆိုးရိုးစကားနှင့်အညီ စစ်ကိုင်းမြို့နေ ပြည်သူများ ကိုယ်ကာယ ကြံ့ခိုင်ရေးလေ့ကျင့်ခန်းများ ပြုလုပ်လာစေရန်နှင့် မျိုးဆက်သစ် လူငယ်လူရွယ်များ အားကစားကို စိတ်ဝင်တစား လေ့ကျင့်လာကြပြီး မြို့နယ်/ခရိုင်/တိုင်းအဆင့်မှ နိုင်ငံဂုဏ်ဆောင် အားကစားသမားများ ပေါ်ထွက်လာရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
ခိုင်ဇေယျ(075)