စစ်ကိုင်းမြို့ ဒါးဝယ်ဈေးတိုက်နယ်တွင် ရှေးယခင်ကတည်းက ရိုးရာဓလေ့အဖြစ် ကျင်းပခဲ့သည့် မုန့်ပေါင်းပွဲတော်ကို ဒီဇင်ဘာ ၁၁ ရက် ညနေပိုင်းက အစဉ်အလာမပျက် ပျော်ရွှင်စွာ စတင်ကျင်းပလျက်ရှိကြောင်း သိရသည်။ ။
အဆိုပါ မုန့်ပေါင်းပွဲတော်ကို သမိုင်းဝင် ဝေဠုဝန်ငါးထပ်ကြီးဘုရားရှေ့ လမ်းတစ်လျှောက်တွင် နှစ်စဉ်နတ်တော်လပြည့်နေ့မှ လပြည့်ကျော်(၁)ရက်နေ့အထိ ကျင်းပလေ့ရှိကြောင်း၊ ယခုနှစ် မုန့်ပေါင်းပွဲတော်တွင် လာရောက်ရောင်းချသည့် ဈေးသည် ၁၀၀ ခန့်ရှိကြောင်း မုန့်ပေါင်းလာရောက်ရောင်းချသူများထံ မှ သိရသည်။
“ဒီပွဲကို လာရောက်ရောင်းချတာ လေးနှစ်ရှိပါပြီ။ ဆေးပွဲလို့ ခေါ်ပါတယ်။ ဒီလပြည့်နေ့မှာ မုန့်ပေါင်းစားရင် ဆေးဖက်ဝင်တယ်လို့ ဆိုရိုးစကားရှိခဲ့တယ်။ ညပိုင်းတွေဆို တိုးမပေါက်လာရောက်ဝယ်တဲ့သူတွေ စည်ကားတယ်”ဟု ညောင်ကုန်းကျေးရွာမှ မုန့်ပေါင်းလာရောင်းချသည့် ဈေးသည်ဒေါ်မြလင်း ကပြောသည်။
ရှေးယခင်က မုန့်ပေါင်းပွဲကို နတ်တော်လပြည့်နေ့ ည တစ်ညတည်းသာ ကျင်းပရောင်းချခဲ့ရာမှ လွန်ခဲ့သည့် ၁၀ နှစ်ဝန်းကျင်မှစတင်၍ လပြည့်နေ့နှင့် လပြည့်ကျော်(၁)ရက် ညပိုင်းအထိပါ ရောင်းချမှုရှိလာကြောင်းနှင့် ယခင်က မြေပေါင်းအိုးများဖြင့်သာ ရောင်းချကြသော်လည်း ယခုအခါ ဆယ်ပိဿာဝင် သံဖြူပုံများအား ပေါင်းခံအိုးအဖြစ်အသုံးပြုကာ မုန့်ပေါင်း ပြုလုပ်ရောင်းချကြကြောင်း မုန့်ပေါင်းလာရောက်ရောင်းချသူများထံမှ သိရသည်။
ရောင်းချ “ဒီပွဲက ကျွန်တော်မမွေးခင်ကတည်းက ရှိခဲ့တယ်လို့ အမေနဲ့အဖေက ပြောဖူးတယ်။ အခုဆို ကျွန်တော်အသက် ၄၃ နှစ်ရှိပြီ ဒီပွဲက နှစ် ၁၀၀ ကျော်ရှိပြီလို့ သိရပါတယ်။ ဟိုအရင်တုန်းကတော့ ဒီနားပတ်ဝန်းကျင် ကျေးရွာတွေလောက်ပဲ သိတယ်။ ခုနောက်ပိုင်းကျ လူသိများလာပြီး တိုးမပေါက်အောင် စည်ကားလာ တယ်”ဟု ဒေသခံ ကိုမင်းမင်းက ပြောသည်။
ထို မုန့်ပေါင်းပွဲတွင် သမိုင်းဝင် ဝေဠုဝန်ငါးထပ်ကြီးဘုရားအနီး ဒါးဝယ်ဈေး တိုက်နယ်အတွင်းမှ တောင်ဘော်ဂါ၊ ကနားတော်၊ ညောင်းကုန် စသည့်ရပ်ကွက် များမှ လာရောက်ရောင်းချကြသည့် မုန့်ပေါင်းဈေးသည် ၁၀၀ ခန့်ရှိကြောင်း၊ မုန့်ပေါင်းတစ်ခုလျှင် ငွေကျပ် ၁၀၀ ဖြင့် ရောင်းချကြကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)