စစ်ကိုင်း ၂၄ စက်တင်ဘာ
ငလျင်ဘေးဆိုင်ရာ ဇာတ်တိုက်လေ့ကျင့်မှု သရုပ်ပြပွဲကို စက်တင်ဘာ ၂၃ ရက် မွန်းလွဲပိုင်းက စစ်ကိုင်းမြို့ ရွှေမင်းဝံရပ်ကွက်ရှိ စစ်ကိုင်းပညာရေးတက္ကသိုလ် လေ့ကျင့်ရေး အထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ငလျင်လှုပ်ခတ်ကြောင်း အချက်ပေးခြင်း၊ ပြည်သူလူထုကို ဘေးလွတ်ရာသို့ ပြေးထွက်ရမည့် ပုံစံများပြသခြင်း၊ အမြန်ပြေးထွက်၍ မရနိုင်သော အခြေအနေများတွင် လုပ်ဆောင်ရမည့် နည်းလမ်းများ ပြသခြင်း၊ ကူညီကယ်ဆယ်ရေး ပြုလုပ်သူများမှ ဝင်ရောက်ရှာဖွေရေး ပြုလုပ်မှုပုံစံများပြသခြင်း၊ ဒဏ်ရာရလူနာများကို ကျန်းမာရေးဌာနသို့ ပို့ဆောင်ခြင်းလုပ်ငန်းများ စသည့်တို့ကို သရုပ်ပြသလေ့ကျင့်ခဲ့ကြောင်း သိရသည်။
ထို့နောက် မီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဟောပြောခြင်း၊ ရှေးဦး မီးငြှိမ်းသတ်ပစ္စည်းများ အသုံးပြု မီးငြှိမ်းသတ်လေ့ကျင့်ခြင်း၊ မီးငြှိမ်းသတ်ယာဉ်ဖြင့် ဇာတ်တိုက်မီးငြှိမ်းသတ်ခြင်း၊ ငလျင်ဘေး ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားကို စစ်ကိုင်းမြို့နယ် မီးသတ်ဦးစီးဌာန၊ အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့ စစ်ကိုင်း(SERT)၊ ရွှေမင်းဝံရပ်ကွက် အရန်မီးသတ်တပ်ဖွဲ့နှင့် ကျောင်းအကျိုးတော်ဆောင်တို့ ပူးပေါင်း၍ ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
ကိုမင်း(အင်းတော်)


