စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် ပညာရေးဘွဲ့စာပေးစာယူ (၂)နှစ်သင်တန်း (ပထမနှစ်)အတွက် လျှောက်လွှာခေါ်ယူ

စစ်ကိုင်း ၁၅ ဒီဇင်ဘာ

 

စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်ပညာရေးဘွဲ့ စာပေးစာယူ (၂)နှစ် သင်တန်း (ပထမနှစ်)အတွက် လျှောက်လွှာများခေါ်ယူနေပြီဖြစ်ကြောင်းသိရသည်။

 

အခြေခံပညာဦးစီးဌာနများနှင့် ပညာရေးသုတေသနစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနတို့အောက်ရှိ အခြေခံကျောင်းများတွင် အထက်တန်းပြ၊ မူလတန်းကျောင်းအုပ်၊ အလယ်တန်းပြအဖြစ် တာဝန်ထမ်းဆောင်နေသူများ၊ အထက်တန်းပြ (သို့မဟုတ်) အလယ်တန်းပြနှင့် လစာနှုန်းထားတူညီသည့် ဒုတိယဦးစီးမှူး၊ ဒုတိယကြီးကြပ်ရေးမှူးနှင့် PGDMA ဘွဲ့ရကွန်ပျူတာလုပ်ဆောင်ရေးမှူးများစသည့် အထက်တန်းပြနှင့် လစာနှုန်းတူသင်ကြားရေးနှင့် သက်ဆိုင်သူများ၊ အလယ်တန်းပြ (သို့မဟုတ်) မူလတန်းကျောင်းအုပ်နှင့် လစာနှုန်းထားတူညီသည့် ဒုတိယလက်ထောက်ဦးစီးမှူး၊ ဒုတိယကြီးကြပ်ရေးမှူးနှင့် PGDMA ဘွဲ့ရလက်ထောက် ကွန်ပျူတာလုပ်ဆောင်ရေးမှူးများစသည့်အထက်တန်းပြနှင့် လစာနှုန်းတူသင်ကြားရေးနှင့်သက်ဆိုင်သူများ၊ ပညာရေးကောလိပ်များတွင် နည်းပြအဖြစ် တာဝန်ထမ်းဆောင်နေသူများ၊ လျှောက်ထားခွင့်ရှိကြောင်းသိရသည်။ လျှောက်ထားသူများသည် ဒီဇင်ဘာ ၃၁ ရက်တွင် လုပ်သက်ငါးနှစ်ရှိရမည်ဖြစ်ကာဘွဲ့တစ်ခုခုရရှိပြီးပညာရေးဘွဲ့ (B.Ed) မရရှိသေးသူများလျှောက်ထားနိုင်ကြောင်းသိရသည်။

 

ဝင်ခွင့်စာမေးပွဲလျှောက်လွှာပုံစံများကိုတိုင်းဒေသကြီး/ပြည်နယ် ပညာရေးမှူးရုံးများတွင် ရယူနိုင်ပြီးသက်ဆိုင်ရာကျောင်းအုပ် ထောက်ခံချက်နှင့်အတူ မြို့နယ်ပညာရေးမှူးရုံးများသို့ ၂၀၁၈ ဇန်နဝါရီ ၂ ရက် နောက်ဆုံးထားလျှောက်ထားနိုင်ကြောင်းသိရသည်။ လျှောက်လွှာများကိုဒီဇင်ဘာ ၁၄ ရက်နေ့မှ စတင်လက်ခံနေပြီးပညာရေးကောလိပ်မှ လျှောက်ထားသူများသည် သက်ဆိုင်ရာကျောင်းအုပ်ကြီး၏ ထောက်ခံချက်နှင့်အတူပညာရေး၊ သုတေသနစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန၏ ခွင့်ပြုချက်ရယူ၍ သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ် ပညာရေးမှူးရုံးများသို့ ဒီဇင်ဘာ ၂၆ ရက် နောက်ဆုံးထားပြီးလျှောက်လွှာများတင်သွင်းရမည်ဖြစ်သည်။

 

စာစစ်ဌာနများကိုနေပြည်တော်အပါအဝင် မြို့ကြီး (၁၂)မြို့တို့တွင် ဖွင့်လှစ်စစ်ဆေးသွားမည်ဖြစ်ပြီးဝင်ခွင့်စာမေးပွဲကို ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂၈ ရက် (တနင်္ဂနွေ)၌ နံနက် ၉ နာရီမှ နေ့လယ် ၁၂ နာရီအထိဖြေဆိုရမည်ဖြစ်သည်။

 

လျှောက်လွှာခေါ်ယူခြင်းနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များသိရှိလိုပါကဒေါ်ညွန့်ညွန့်သိန်း၊ ဌာနမှူး(သင်တန်းရေးရာ) စစ်ကိုင်းပညာရေးတက္ကသိုလ် ဖုန်း ဝ၉-၄၂၀၁၂၀၈၉၄ သို့ စုံစမ်းနိုင်ကြောင်း သိရသည်။

 

 MDN