စစ်ကိုင်းတောင်နှင့် ရေချိုးဆိပ်

၁ ဇူလိုင်

 

၁၉၄၂ ခုနှစ် ဧပြီ ၃ရက် (၁၃၀၃ခုနှစ်၊ နှောင်းတန်ခူး လဆုတ် ၄ရက်၊ သောကြာနေ့) မနက် ၁၁ နာရီလောက်မှာ ဂျပန်လေယာဉ်အစင်း ၈၀ လောက်ဟာ မန္တလေးမြို့ကို ပိုက်စိပ်တိုက် ဗုံးကြဲပါတယ်။  ဒါဟာ ဒုတိယအကြိမ်ပါ။ မတ်လဆန်းတုန်းကလည်း မန္တလေးနန်းတွင်း ကို ဂျပန်က ဗုံးလာကြဲခဲ့ပါသေးတယ်။ အခု ဒုတိယအကြိမ်မှာတော့ စစ်ရေးနဲ့ မပတ်သက်တဲ့ လူနေရပ်ကွက်တွေထဲအထိ ဗုံးတွေကြဲရုံသာမက စက်သေနတ်တွေနဲ့လည်း ပစ်ခတ်တာကြောင့် တစ်မြို့လုံး မီးဟုန်းဟုန်းတောက်ပြီး လူအသေအပျောက်လည်း များလှတယ်။ ဒါကြောင့် တစ်မြို့လုံးဟာ ဆောက်တည်ရာမရဖြစ်ပြီး ပြေးကြတာပေါ့။

 

စစ်ကိုင်းတောင်ရိုးမှာပဲ စစ်ခိုကြတော့


အများစုက စစ်ကိုင်းတောင်ရိုးမှာပဲ စစ်ခိုကြတော့အများစုက မန္တလေးရဲ့ အနောက်ဘက်ကမ်းမှာရှိတဲ့စစ်ကိုင်း၊ မင်းဝံတောင်ရိုးဘက် ပြေးကြတယ်ပေါ့။ မြို့မငြိမ်းတို့မိသားစုက ကနဦးအစမှာတော့ မေမြို့ (ပြင်ဦးလွင်)ကတစ်ဆင့် ကျောက်မဲ နမ့်ဟူးတောင်းရွာဘက်ပြေးကြတယ်။ နောက်တော့ ပိုလုံခြုံပြီး အသွားအလာလွယ်ကူနိုင်မယ့် စစ်ကိုင်းနဲ့ မင်းကွန်းကြားက ဝါးချက်ရွာမြောက်ဘက်၊ မင်းကျောင်းအထက်၊ မာဃချောင်မှာ ခိုလှုံကြတယ်။ မြို့မအသင်းသားတွေ အတော်များများလည်း စစ်ကိုင်းတောင်ရိုးမှာပဲ စစ်ခိုကြတော့တောင်ခြေနိဗ္ဗိန္ဒချောင်မှာ မြို့မအသင်းသားကြီး ဦးရင်လေးက လက်ဖက်ရည်ဆိုင်ဖွင့်ပါတယ်။ သူ့ဆိုင်က လူစုံတယ်။ မြို့ထဲနှင့်လည်း အဆက်အစပ်မပြတ်ဘူး။ ဒီတော့ သတင်းစုံတယ်။ စစ်သတင်းတွေကို ကြားသိရသူတွေချင်း ဆုံကြပြီး ဖလှယ်ကြတယ်။ ဒါကြောင့်မနက်လင်းတာနှင့် တောင်ခြေနိဗ္ဗိန္ဒချောင်က ဦးရင်လေး လက်ဖက်ရည်ဆိုင်မှာ ဆုံကြတာပါပဲ။ 

 

ါ၅နမန

 

ရာသီကလည်း နွေဦးပေါက်ကာလ


မြို့မငြိမ်းကလည်း ဝါးချက်ကနေ နိဗ္ဗိန်ချောင်ကိုရောက်လာတတ်တယ်။ စစ်ကိုင်းတောင်ရိုးမှာ ကူးချည်သန်းချည် ...၊ တောင်ပေါ်တောင်အောက် တက်ချည်ဆင်းချည်...၊ ဧရာဝတီမြစ်တွင်း ငှက်တစ်စင်းနှင့် စုန်ချည်ဆန်ချည်ဆိုတော့ နေထွက်က နေဝင်အထိ စစ်ကိုင်းတောင်ရဲ့အလှကို  ရှုလို့မငြီးနိုင်အောင် ခံစားရတာပေါ့။   ဒီမြင်ကွင်း  ဒီအလှတွေဟာ  အနုပညာရှင်တစ်ယောက်ရဲ့ရင်ကို မလှုပ်ခါဘဲ ရှိပါ့မလဲ။ စာသားလေးတွေ ရလာတယ်။ သံစဉ်လေးတွေ ရလာတယ်။ တေးသွားလေးတွေ  ရလာပါမယ်။  ရာသီကလည်း နွေဦးပေါက်ကာလ...၊ တောင်ရိုးပေါ်က သစ်ပင်သစ်တောတွေမှာ ရော်ရွက်ဝါတွေက လှုပ်လီလှုပ်လဲ့ ...။ သရဖီ၊ ရင်ခတ်၊ ကံ့ကော်ပန်းရနံ့တွေကလည်း သင်းလို့ ...၊ ရွက်ဝါကြွေတဲ့ ဖူးငုံ ဖူးတံလေးတွေမှာလည်း ပုရစ်ဖူးအစို့ အညှောက်လေးတွေ ထွက်လို့ ...၊ မြစ်တွင်းမှာလည်း လှိုင်းလေးတွေ လူးနေတဲ့အပေါ် ငွေရည်လူးလို့...။ ဟိုမှာဘက် သဲသောင်ပြင်မှာလည်း ဟင်္သာမောင်နှံက ချစ်ခွန်းတုံ့တင်လို့ ...။

 

အတာကူးတဲ့ နှစ်ဦး ဂိမှာန် နွေ


ဒါကြောင့် မြို့မငြိမ်းက စစ်အနိဋ္ဌာရုံတွေ မေ့လောက်အောင် လှပတဲ့ စစ်ကိုင်းတောင်မြင်ကွင်းကို မန္တလေးသူ၊ မန္တလေးတွေ၊ အထူးသဖြင့် မြို့မအသင်းသူ၊ အသင်းသားတွေ ရင်အခုန်ဆုံးကာလဖြစ်တဲ့ စစ်အတွင်း တစ်နှစ်သော ‘အတာကူးတဲ့ နှစ်ဦး ဂိမှာန် နွေ’မှာ ရေးဖွဲ့ခဲ့ပါတယ်။ ‘စစ်ကိုင်းတောင်’ သီချင်းမှာ မြို့မငြိမ်းဟာ ခြေဆင်းပိုဒ်မှာကိုပဲ အသံအရ၊ အသွားအရ၊ စာသား အရကိုပဲ သီချင်းတစ်ပုဒ်စာမျှ၊ လှပစွာ ခံစားဖွဲ့သီခဲ့တာ လည်း အမှတ်တရပါ။ ဒီသီချင်းကို လေဘာတီမမြရင်နဲ့ ဓာတ်ပြားသွင်းခဲ့ပါသေးတယ်။ ခြေဆင်းပိုဒ်ကိုလေဘာတီမမြရင် သီဆိုတဲ့အခါ ...


ပုညရှင် ... စေတီတော်အပါး ...
စစ်ကိုင်းတောင် အထက်နားဆီက
အခြေတစ်လွှား ရှုလိုက်ရင်လေ...
ဧရာဝတီ၊ နတ်ပန်းချီ ဆေးစုံကွန့်လေရော့သလား ...
ဝဲလက်ယာ အတွန့်တွန့်၊ အလွန့်အလွန်
ကျက်သရေဆောင်ပါပေသည် ...။ တဲ့။
ဧရာဝတီ၊ ဒုဋ္ဌဝတီ ...၊ နတ်ပန်းချီ ဆေးစုံတွေကွန့်ရော့လေသလား

 

နောက် ... ဒီသီချင်းကိုပဲ၊ ကိုအံ့ကြီးက သီဆိုဓာတ်ပြား သွင်းတော့ ... စစ်ကိုင်းတောင် အထက်နားဆီက၊ အရှေ့တစ်လွှား ရှုလိုက်ရင်လေ ...၊ ဧရာဝတီ၊ ဒုဋ္ဌဝတီ ...၊ နတ်ပန်းချီ ဆေးစုံတွေ ကွန့်ရော့လေသလား ...၊ ဝဲလက်ယာ အတွန့် တွန့်နဲ့၊ အလွန့် အလွန် ... သာယာပါပေသည်... တဲ့ ...။ နောက်ပိုင်း ပြန်လည်သီဆိုကြသမျှ ကိုအံ့ကြီးမူအတိုင်း ဆိုကြပါတယ်။ ဒါပေမယ့် ဒီနေရာမှာ မူလ လေဘာတီမမြရင် သီဆိုတာထဲကအတိုင်း၊ စစ်ကိုင်းတောင် အထက်နားဆီက၊ အခြေတစ်လွှား ရှုလိုက်ရင်လေ ...၊ ဧရာဝတီ ... လို့ပဲ ပြန်လည်မူမှန် ဖော်ထုတ်ပါတယ်။

 

မြို့မငြိမ်းတို့ စစ်ကိုင်းမှာပဲ စစ်ခိုလှုံနေကြ၊ လင်းတာနှင့် တောင်ခြေက နိဗ္ဗိန္ဒချောင် ဦးရင်လေး လက်ဖက်ရည်ဆိုင်မှာ ဆုံကြရင်း ... သူငယ်ချင်း မိတ်ဆွေတစ်စု အနီးအနားက သရက်ပင်ဆိပ်ကိုဆင်းပြီး ရေချိုးကူးကြပါ တယ်။ ဒါမှမဟုတ် မြို့မငြိမ်းက သူ့ သမီးကြီး မတင်ကြည်မြစ်ဆိပ်ဆင်းပြီး အဝတ်လျှော်တိုင်း အစောင့်အရှောက်အနေနဲ့ လိုက်ပါကာ မြစ်ဆိပ်ရှုခင်းကို မြင်တွေ့နေကျပါပဲ။ ဒီအခါ မြစ်ဆိပ်မှာ မြင်တွေ့နေရတဲ့ လူ့သဘာဝ အလှုပ်အရှား ရှုမျှော်ခင်းကို စာသားစကားလုံးတွေနဲ့အနုစိတ် ခြယ်မှုန်းလိုက်ပါတယ်။ စစ်ကိုင်းတောင်သီချင်းမှာတော့ သက်ငြိမ်မြင်ကွင်းကျယ် ရှုခင်းပန်းချီကားချပ်ပေါ့။

 

ရွှေစီတဲ့ ပတ္တမြား၊ နေခြည်နဲ့အသား


ရေချိုးဆိပ်သီချင်းကတော့ လှုပ်ရှားနေတဲ့ မြင်ကွင်းရဲ့အနုစိတ်စုတ်ချက်တွေ၊ အလင်းအမှောင်တွေနဲ့ သရုပ်ဖော် ပန်းချီကားပေါ့။ အနုစိတ်လိုက်ပုံများ ... ကုန်းပေါ်က လူပျိုလေးရဲ့ ကြွက်သားအဖုအဖု ... ထုထုပြီး ခရာချင်စရာက အစ ...၊ ဂျပန့်ခေတ် ဆပ်ပြာ ရှားပါးလွန်းလို့၊ ရရာအမဲဆီတွေနဲ့ ဖြစ်သလို ဆပ်ပြာချက်ပြီး အမြှုပ်မထွက်လို့ စိတ်တိုနေတဲ့ အဘွားအိုက ယောက်ယက်ခတ်ပျော်မြူးနေတဲ့ အပျိုမလေးတွေကို မျက်စိနောက်လို့စောင်းမြောင်းပြီး ဆပ်ပြာကို ယမယ်ချ ဆဲဆိုလိုက်တဲ့မြင်ကွင်းအထိ ပါဝင်တယ်။ အလင်းအမှောင်နဲ့ ပတ်သက်ပြီး ညနေချမ်းဆီ နေရီရီ ... ရောင်ခြည်ဆွတ်ဖျန်း ကမ္ဘာတစ်ဝန်း ... အလှဆန်းကြယ်...တဲ့ အချိန်မှာ ရေချိုးဆိပ်က နုမျစ်ပျိုရွယ်၊ ဖူးသစ်စလုံမယ် မြန်မာမလေးတွေရဲ့ရင်လျားထားတဲ့ ညိုညက်ညက် အသားအရေကို ရွှေစီတဲ့ ပတ္တမြား၊ နေခြည်နဲ့အသား၊ ပနံစားတယ်လို့ပင်ပြောင်မြောက်စွာ အနုစိတ် ဖွဲ့နွဲ့ခဲ့ပါတယ်။

 

ဂီတပန်းနှစ်ပွင့်


စစ်ကိုင်းတောင်ခြေ၊ ဧရာဝတီမြစ်ကမ်းဘေးက ဂျပန်ခေတ် ရေချိုးဆိပ်မြင်ကွင်းမှာ သရက်ပင်ဆိပ်နဲ့၊ ဇရပ်ဖြူ။ ဇရပ်ဖြူနဲ့ ရှင်ဖြူရှင်လှ၊ ရှင်ဖြူရှင်လှနဲ့ ဝါးချက်၊ အစုန်အဆန် ကူးခတ်နေတဲ့ ငှက်သမ္ဗန်တွေရဲ့ အိပွဲ့၊ အိပွဲ့... ငှက်ခတ်သံလေးကအစပါအောင်    စပ်ဆိုထားတဲ့ရေချိုးဆိပ်သီချင်းကလည်း စစ်ကိုင်းတောင်သီချင်းလိုပဲ ဂျပန့်ခေတ်စစ်အတွင်းမှာ သင်းပျံ့ကြိုင်လှိုင်စွာ ဖူးပွင့်လာတဲ့ မြို့မငြိမ်းရဲ့ ဂီတပန်းနှစ်ပွင့်ပါပဲ။

 

ဆူးငှက်