စစ်ကိုင်း ၅ ဧပြီ
စစ်ကိုင်းတောင်ရိုးတွင် သီတင်းသုံးမှီတင်းနေထိုင်သော သီလရှင်အပါး ၈၀၀၀ ကျော်အတွက် စစ်ကိုင်းမြို့၊ ပိုးတန်းရပ်နေ၊ နဝရတ်ပဲခွဲစက်ပိုင်ရှင် စစ်ကိုင်းမြို့မိ၊ မြို့ဖအဖွဲ့ ဥက္ကဋ္ဌ ဦးတင်မျိုးလွင် ဒေါ်မာမာဆွေမိသားစုတို့မှ ပဲများလှူဒါန်းခဲ့ကြောင်း သိရသည်။
Covid-19 ကူးစက်ရောဂါ ဖြစ်ပွားနေစဉ်အတွင် သီလရှင်ဆရာကြီး၊ ဆရာလေးများ ဆွမ်းဟင်းအဆင်ပြေစေရန် အလို့ငှာ လှူဒါန်းခြင်းဖြစ်ပြီး လှူဒါန်းမှုကို ဧပြီ ၅ ရက် နံနက်ပိုင်းက စစ်ကိုင်းမြို့နယ် သီလရှင် အလုပ်အမှုဆောင်အဖွဲ့ဥက္ကဋ္ဌ သီလရှင် ဆရာကြီး ဒေါ်ကေတုဝတီ သီတင်းသုံးနေထိုင်ရာ စစ်ကိုင်းတောင်ရိုး၊ ဂူနီချောင်သို့ သွားရောက်လှူဒါန်းခဲ့ကာ ဆရာကြီး ဒေါ်ကေတုဝတီမှတစ်ဆင့် ပြန်လည်လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း အလှူရှင်မိသားစုထံက သိရသည်။
စစ်ကိုင်းတောင်ရိုးတွင် သီတင်းသုံးမှီတင်းနေထိုင်သော သီလရှင်အပါး ၈၁၇၀ အတွက် ကုလားပဲခြမ်း ၂၅၅၃ ပိဿာ စုစုပေါင်းတန်းဖိုးငွေ ကျပ် ၄၁၂၈၀၀၀ ကို လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ ဓမ္မဒူတဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒမှလည်း စစ်ကိုင်းမြို့မ ၂၃ ရပ်ကွက်ရှိ ဘုန်းကြီးကျောင်း ၅၆၂ ကျောင်းမှ ဆရာတော်၊ သံဃာတော် ၅၈၀၁ ပါး၊ သီလရှင်ချောင် ၃၉၈ ချောင်မှ သီလရှင် ဆရာကြီး၊ ဆရာလေး ၇၀၃၇ ပါးတို့ကို အရန်သင့်စား ခေါက်ဆွဲခြောက်ထုပ်၊ ကြာဇံခြောက်ထုပ်နှင့် ဆန်ပြုပ်ထုပ်များကို ဧပြီ ၁ ရက်က ပေးအပ်လှူဒါန်းခဲ့သည်။
ခိုင်ဇေယျ(၀၇၅)


