စစ်ကိုင်းတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် က‌လေးခရိုင်အတွင်းရှိ ဒေသခံ ပြည်သူများနှင့် တွေ့ဆုံပြီး စုစုပေါင်းတောင်သူ ၄၀ တို့ထံသို့ ယာယီလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၃)များပေးအပ်

တမူး   ၂၆     နိုဝင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်း ဒေသကြီး ဝန်ကြီးများ၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ ဥပဒေချုပ်၊  စာရင်းစစ်ချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး ဌာနဆိုင်ရာ အကြီးအကဲများနှင့်အတူ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံ ပြည်သူများနှင့် တွေ့ဆုံပွဲများကို ယနေ့  နံနက် ၉ နာရီမှ  မွန်းတည့် ၁၂ နာရီကျော်အထိ ကလေးခရိုင် ကလေးမြို့ မင်္ဂလာဥယျာဉ်ရပ်ကွက်ရှိ မြို့တော်ခန်းမ၌ ကျင်းပသည်။

 

တွေ့ဆုံပွဲတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းဒေသကြီးဝန်ကြီးများက မိမိတို့တိုင်းဒေသကြီး ဝန်ကြီးဌာနများအလိုက် တိုင်းဒေသကြီးအတွင်း လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍  မိတ်ဆက်စကားများ အသီးသီး ပြောကြားခဲ့သည်။

 

ယင်းနောက် ကလေးခရိုင်အတွင်းရှိ ကလေးမြို့နယ်၊ ကလေးဝမြို့နယ်နှင့် မင်းကင်းမြို့နယ်တို့မှ တက်ရောက် လာကြသော ဒေသခံပြည်သူများက မိမိတို့ဒေသတွင် လိုအပ်သည့် လမ်း၊ တံတား၊ သောက်သုံးရေ၊ စိုက်ပျိုးရေ၊ လျှပ်စစ်မီး၊ ခရီးသွာလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှု၊ စိုက်ပျိုးရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် လမ်းပန်းဆက်သွယ်ရေး ကဏ္ဍမျိုးစုံ စသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ အသီးသီး ဆွေးနွေး မေးမြန်းခဲ့မှုအပေါ် သက်ဆိုင်ရာဝန်ကြီးများနှင့် တိုင်းအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ကဏ္ဍများအလိုက် ပြန်လည်ဖြေကြားပေးခဲ့ကြသည်။

 

ထိုကဲ့သို့ ကလေးခရိုင်အတွက် ကဏ္ဍများအလိုက် အသီးသီး ပြန်လည်ဖြေကြားမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က  ပြည်ထောင်စုအစိုးရနှင့် တိုင်းဒေသကြီးအစိုးရတို့မှ တာဝန်ယူဆောင်ရွက်ခဲ့သော သုံးနှစ်တာကာလကျော်အတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများ၊ လက်ရှိနှင့် လာမည့်နှစ်တွင် ဆောင်ရွက်မည့်လုပ်ငန်းများနှင့် ပတ်သက်၍ ထပ်မံဖြည့်စွက် ရှင်းလင်း ပြောကြားပေးခဲ့ပြီး ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့သည်။

 

ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၃၆၂) ခြေမြန်တပ်ရင်းမှဧက(၂၅၀) ပြန်လည်စွန့်လွှတ်အပ်နှံပြီး စွန့်လွှတ် သောမြေအား ကံကြီးကျေးရွာအုပ်စုမှ တောင်သူ(၂၅)ဦး၊ ကြက်ဖနက်ကျေးရွာအုပ်စုမှ တောင်သူ (၁၅) ဉီး စုစုပေါင်း (၄၀)ဦးတို့ထံသို့ ယာယီလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၃)များကို  တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့က အသီးသီးလက်ဝယ်အရောက်ပေးအပ်ခဲ့ကြပြီး တောင်သူများ ကိုယ်စား တောင်သူ ဦးစန်းလှိုင်က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

 

အဆိုပါ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေး မဏ္ဍိုင်ကြီး(၃)ရပ်နှင့် တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပြည်သူလူထုတွေ့ဆုံပွဲများတွင် တိုင်းကြားစာများကို သက်ဆိုင်ရာ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများမှ လက်ခံဆောင်ရွက်ပေးလျက်ရှိရာတွင် ကလေးခရိုင် အတွင်း ကလေးမြို့နယ်မှ (၂၉)စောင်၊ မင်းကင်းမြို့နယ်မှ (၂)စောင် စုစုပေါင်း(၃၁)စောင်ရှိကာ  သက်ဆိုင်သူများထံသို့ တာဝန်ရှိသူများမှ ပြန်လည်ဖြေရှင်း ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ထွန်းကိုကို(ယင်းမာပင်)