မုံရွာ ၂၂ နိုဝင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ခုနစ်မြို့နယ်၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ကျေးရွာအုပ်စု ၆၃ အုပ်စု၊ ကျေးရွာပေါင်း ၁၀၀ ကို တစ်အိမ်သုံးနှင့် အများပြည်သူသုံးဆိုလာစနစ် တပ်ဆင်ပေးမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ မြို့နယ်ခုနစ်မြို့နယ်မှာ မင်းကင်း၊ တမူး၊ ဗန်းမောက်၊ ဖောင်းပြင်၊ ပုလဲ၊ လဟယ်နှင့် နန်းယွန်း စသည့် မြို့နယ်များအတွက် ၆၀ ဝပ် တစ်အိမ်သုံးဆိုလာစနစ် ၈၅၉၄ ခု၊ ၁၀၀ ဝပ် တစ်အိမ်သုံးဆိုလာစနစ် ၄၃၅ ခုဖြင့်လည်းကောင်း၊ အများပြည်သူနှင့် သက်ဆိုင်သော ဆိုလာစနစ်များမှ ပညာရေးအဆောက်အဦ၊ ကျန်းမာရေးအဆောက်အဦ၊ ဘာသာရေးကျောင်းများနှင့် လမ်းမီးတိုင်များ စုစုပေါင်း ၈၃၅ ခု တပ်ဆင်ပေးမည် ဖြစ်ပါကြောင်း၊ မီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက မြို့နယ်ခုနစ်မြို့နယ်မှ အိမ်ခြေ ၁၀၂၄၄ အိမ်၊ လူဦးရေ ၆၂၆၇၀ ဦးအတွက် အကျိုးပြုနိုင်မည်ဖြစ်ပါကြောင်း စစ်ကိုင်းတိုင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရှိရသည်။
မွှေးကြူဇင်


