မုံရွာ၊ ၂၇ ဇန်နဝါရီ
၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီးရှိ အပူပိုင်းဇုန်အတွင်း ကျရောက်လျက် ရှိသောဒေသများတွင် သစ်တော၊ သစ်ပင်များ ပြန်လည်စိမ်းလန်းလာစေရေး ပြည်သဗဟိုပြုစနစ်ဖြင့် ပျိုးပင်ပေါင်း (၁၂၅၀၀)ကို ယခုဘဏ္ဍာရေးနှစ် မိုးရာသီတွင် စိုက်ပျိုးသွားရန် စီစဉ်လျက်ရှိကြောင်း စစ်ကိုင်း တိုင်းဒေသကြီး အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနရုံးမှ သိရသည်။
အပူပိုင်းဇုန်အတွင်းရှိဒေသများ သစ်တော၊ သစ်ပင်များ ပြန်လည်စိမ်းလန်းစိုပြည်ရေးကို သဘာ၀ တောကျန် များ ထိန်းသိမ်းခြင်း၊ သစ်ပင်ပေါက်ရောက်မှုမရှိသော နေရာများတွင် သစ်ပင်များစိုက်ပျိုးပေးခြင်းတို့ကို လုပ်ဆောင်သကဲ့သို့ ပြည်သူများပူးပေါင်းပါဝင်မှုဖြင့် ခြံဝင်းများနှင့် စိုက်ခင်းများဘေးနေရာအလွတ်များတွင် သစ်ပင်များ ပြန်လည်စိုက်ပျိုးခြင်းလုပ်ငန်းများကိုလည်း လုပ်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။
“အပူပိုင်းဇုန်အတွင်းမှာရှိတဲ့ ဒေသတွေ ပြန်လည်စိမ်းလန်းစိုပြည်ဖို့ဆိုတာက အဓိကအနေနဲ့ ဒေသခံ ပြည်သူတွေအနေနဲ့ မိမိတို့ပတ်ဝန်းကျင်မှာရှိတဲ့ သစ်တောသစ်ပင်တွေကို တန်ဘိုးထားထိန်းသိမ်းနိုင်မှ ဒေသက ပြန်လည်စိမ်းလန်းလာမှာဖြစ်တယ်။ အဲဒီအတွက် သစ်တောသစ်ပင်တွေကို မှီခိုမှုလျှော့ချနိုင်ဖို့ သူတို့တွေကို လိုအပ်တဲ့ထောက်ပံ့မှုတွေ လုပ်ဆောင်ပေးသလို သစ်ပင်တွေကိုလည်း ကိုယ်တိုင်စိုက်ပျိုးပြုစု ထိန်းသိမ်းနိုင်ဖို့ ပြည်သူဗဟိုပြုစိုက်ပျိုးခြင်းကို အကောင်အထည်ဖော်လုပ်ဆောင်နိုင်ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။ အခုပျိုးပင်တွေ ပျိုးထောင်စုဆောင်းခြင်းတွေ လုပ်ဆောင်နေပါတယ် ” ဟု စစ်ကိုင်းတိုင်း ဒေသကြီး အပူပိုင်းဒေသ စိမ်လန်းစိုပြည်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဘလွင်ဦးက ပြောပြသည်။
၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်မိုးရာသီတွင် စစ်ကိုင်းတိုင်းဒေသကြီးရှိ အပူပိုင်းဇုန်အတွင်း ကျရောက် လျက်ရှိသော မုံရွာခရိုင်အတွင်းရှိ မြို့နယ်(၂)မြို့နယ်တွင် ပျိုးပင်ပေါင်း (၂၅၀၀)၊ စစ်ကိုင်းခရိုင် အတွင်းရှိ မြို့နယ်(၃)မြို့နယ်တွင် ပျိုးပင်ပေါင်း (၃၀၀၀)အားလည်းကောင်း၊ ရွှေဘိုခရိုင်အတွင်းရှိ (၄)မြို့နယ်တွင် ပျိုးပင်ပေါင်း (၅၀၀၀)အားလည်းကောင်း၊ ယင်းမာပင်ခရိုင်အတွင်းရှိ (၃)မြို့နယ်တွင် ပျိုးပင်ပေါင်း (၂၀၀၀) အားလည်းကောင်း ပြည်သူဗဟိုပြုစနစ်ဖြင့် စိုက်ပျိုးသွားရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)


