အရာတော်၊   ၉   ဖေဖော်ဝါရီ

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် အရာတော်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ကျေးရွာ ၁၀ ရွာကို ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းဖြင့် လည်းကောင်း၊ ကျေးရွာသုံးရွာကို မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့်လည်းကောင်း ဖွံ့ဖြိုးရေး လုပ်ငန်း များ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို စဉ်ဆက်မပြတ် ဖော်ဆောင်နိုင်ရန်အတွက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းနှင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းတို့ကို ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း၊ အဆိုပါစီမံကိန်းများ စတင်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီ ဖွဲ့စည်းခြင်း အခမ်းအနားကို ဇန်နဝါရီလ ဒုတိယအပတ်နှင့် တတိယအပတ်တို့တွင် သက်ဆိုင်ရာကျေးရွာ အလိုက် ကွင်းဆင်းဆောင်ရွက်ပြီးစီးခဲ့ပြီ ဖြစ်ကြောင်း အရာတော်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူးက ပြောပြသည်။


မင်းမြင့်မိုရ်