နေပြည်တော် ၁၇ ဖေဖော်ဝါရီ

 

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ မွန်းလွဲ ၂ နာရီ ထုတ်ပြန်ချက်အရ ယနေ့နံနက် ၉ နာရီခွဲအထိ မိုးလေဝသတိုင်းထွာချက် အကျဉ်းချုပ်မှာ လွန်ခဲ့သော(၂၄)နာရီအတွင်းက ကချင်ပြည်နယ်တွင် နေရာအနှံ့အပြား၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ရခိုင်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာခဲ့ပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့သည်။ ညအပူချိန်များမှာ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ချင်းပြည်နယ်တို့တွင် ဖေဖော်ဝါရီလ၏ ပျမ်းမျှအပူချိန်တို့ထက် (၂)ဒီဂရီစင်တီဂရိတ်နှင့် မန္တလေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဖေဖော်ဝါရီလ၏ ပျမ်းမျှအပူချိန်တို့ထက် (၃)ဒီဂရီစင်တီဂရိတ် ပိုခဲ့ပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ဖေဖော်ဝါရီလ၏ ပျမ်းမျှအပူချိန်ခန့်သာ ရှိခဲ့သည်။ 

 

ထူးခြားသည့် ညအပူချိန်များမှာ သီပေါမြို့တွင် (၅)ဒီဂရီစင်တီဂရိတ်၊ နမ့်စန်မြို့နှင့် မိုင်းယန်းမြို့တို့တွင် (၇)ဒီဂရီစင်တီဂရိတ်စီနှင့် ဟဲဟိုးမြို့နှင့် ဟားခါးမြို့တို့တွင် (၈)ဒီဂရီစင်တီဂရိတ်စီတို့ ဖြစ်ကြသည်။ မှတ်သားဖွယ်ရာ မိုးရေချိန်များမှာ မြစ်ကြီးနားမြို့တွင် (၁.၁၈)လက်မ၊ လောင်းလုံးမြို့တွင် (ဝ.၆၇)လက်မ၊ မချမ်းဘောမြို့နှင့် မိုးကောင်းမြို့တို့တွင် (ဝ.၅၉)လက်မစီ၊ ပူတာအိုမြို့နှင့် ဗန်းမော်မြို့တို့တွင် (ဝ.၄၃)လက်မစီ၊ ကန့်ဘလူမြို့တွင် (ဝ.၃၅)လက်မ၊ ထားဝယ်မြို့တွင် (ဝ.၁၆) လက်မနှင့် မိုးညှင်းမြို့နှင့် မောင်တောမြို့တို့တွင် (ဝ.၁၂)လက်မစီတို့ ဖြစ်ကြသည်။

 

ဘင်္ဂလားပင်လယ်အော် အ‌ခြေအနေမှာ ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းတွင် အများအားဖြင့် သာယာနေပြီး ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေသည်။

 

မနက်ဖြန်နံနက်အထိ ခန့်မှန်းချက်အနေဖြင့် ကချင်ပြည်နယ်တွင် နေရာစိပ်စိပ်၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် နေရာကျဲကျဲနှင့် စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန် ရာနှုန်း(၈၀)ဖြစ်သည်။ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။

 

မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၃)ပေမှ (၅)ပေခန့် ရှိနိုင်သည်။

 

နောက်(၂)ရက်အတွက် ခန့်မှန်းချက်အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် မိုးဆက်လက် ထစ်ချုန်းရွာနိုင်သည်။


မနက်ဖြန်နံနက်အထိ ခန့်မှန်းချက်မှာ နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့တို့ အနီးတစ်ဝိုက်တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။

 

MDN